တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဧပြီ - ၂၆
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာရှိ စမ်းရေဖျားတောရတပ်ဦးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သဲအင်းဂူတရားပြကျောင်းတိုက်နှင့် လေဆိပ်တပ်ဦးစာသင်တိုက်၊ မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်ကျောင်းတိုက်နှင့် ပြည်ကြီးတံခွန် မြို့နယ်ရှိ အဝါရောင်မျိုးဆက်သစ်ကလေးငယ်များ စောင့်ရှောက်ရေးကျောင်းတို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။