နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်) လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်) လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး

 
နေပြည်တော်၊ မေ - ၂၇

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ ရောက်ရှိကြရာ စက်ရုံ အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့် တို့က စက်ခေါင်းစက်ရုံ(အင်းစိန်) သမိုင်းအကျဉ်း၊ ရည်မှန်းချက် တာဝန်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ မီးရထား စက်ခေါင်းများ ထုတ်လုပ်တပ်ဆင်နိုင်မှု၊ ပြုပြင်ထိန်းသိမ်းနိုင်မှု၊ စက်ခေါင်းစွမ်းအား မြှင့်တင်မှု၊ စက်ခေါင်းအရံပစ္စည်းများ ထုတ်လုပ်နိုင်မှုအခြေအနေများ၊ ရေနွေးငွေ့စက်ခေါင်း များ အကြီးတန်းပြုပြင်ပြီးစီးမှုနှင့် စမ်းသပ်မောင်းနှင်ပြေးဆွဲနိုင်မှု အခြေအနေများ၊ စက်ရုံဝန်ထမ်းများ အရည်အသွေးပြည့်ဝစေရေးအတွက် သင်တန်းများ တက်ရောက်စေမှု၊ စက်ရုံအလုပ်ရုံခွဲများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု၊ မီးဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရထားပို့ဆောင်ရေးစနစ်သည် တိုင်းပြည်တစ်ခု၏ အဓိကကျသည့် ပို့ဆောင်ရေးစနစ်တစ်ခုပင်ဖြစ်ကြောင်း၊ စက်ခေါင်းများပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပြုပြင်ခြင်းလုပ်ငန်းများအဆင့်ဆင့်ဆောင်ရွက်မှုကို မှတ်တမ်းဓာတ်ပုံများဖြင့် စနစ်တကျ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ စက်ခေါင်းများ ဝယ်ယူချိန်မှစ၍ အသုံးပြုမှုနှင့်ပြုပြင်ထိန်းသိမ်းမှုများကို စက်ခေါင်းတစ်ခုချင်းအလိုက် သမိုင်းမှတ်တမ်းများ ပြည့်စုံစွာဖြင့်ပြုစုထားရှိရန်လိုကြောင်း၊ စက်ခေါင်းများသည် တန်ဖိုးအားဖြင့် များစွာကြီးမားသည့် ပစ္စည်းများဖြစ်သဖြင့် ပြုပြင်ထိန်းသိမ်းခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်စေရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ယခုအခါ ခေတ်ကာလအရ နိုင်ငံတကာတွင် မီးရထားများကို လျှပ်စစ်ဓာတ်အား အသုံးပြု၍ပြေးဆွဲနေကြသဖြင့် မိမိတို့နိုင်ငံတွင်လည်း လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လို ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေး လိုအပ်သည့်လျှပ်စစ်ဓာတ်အားသုံး စက်ခေါင်းများ ထုတ်လုပ်နိုင်ရေး နိုင်ငံတကာမှနည်းပညာများကိုလေ့လာ၍ ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် ပစ္စည်းများနှင့်ပြည်ပမှဝယ်ယူရမည့် ပစ္စည်းများကိုပေါင်းစပ်၍ ပထမ ခြေလှမ်းအနေဖြင့် ဒီဇယ်လျှပ်စစ်သုံး(DEMU) စက်ခေါင်းများ တည်ဆောက် ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဒီဇယ်လျှပ်စစ်ရထားစက်ခေါင်းများမှတစ်ဆင့် လျှပ်စစ်ရထား(EMU)အထိပြေးဆွဲ နိုင်ရေးကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လို ကြောင်း၊ ယခုရန်ကုန်မြို့ပတ်ရထားလမ်းတွင် ဒီဇယ်လျှပ်စစ်သုံး ရထားများအသုံးပြု၍ မြို့ပတ်ရထားများပြေးဆွဲနေပြီး မိမိတို့နိုင်ငံတွင်လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေး သုတေ သနပြု ဆောင်ရွက်ရန်လိုကြောင်း၊ ထိုမှတဆင့် တစ်နိုင်ငံလုံးရှိ အဓိကကျသည့် နေရာများ ကို လျှပ်စစ်ရထား အသုံးပြုပြေးဆွဲနိုင်ရေး အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်သွားရန်လို ကြောင်း၊ မီးရထားစက်ခေါင်းများနှင့် ရထားတွဲများကောင်းမွန်ရန်လိုသကဲ့သို့ ရထားလမ်း များစနစ်တကျဖြင့် ကောင်းမွန်ချောမွေ့မှုရှိစေရေးကိုလည်း အမြဲမပြတ်ဆောင်ရွက်နေရန် လိုကြောင်း၊ တစ်နိုင်ငံလုံးလျှပ်စစ်စက်ခေါင်းများဖြင့် ပြေးဆွဲနိုင်ရေး အဓိကထားရည်မှန်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)အနေဖြင့် လျှပ်စစ် စက်ခေါင်းငယ်များမှစ၍ သုတေသနပြုထုတ်လုပ်ပြီး ၎င်းမှတဆင့် အဆင့်မြှင့်တင်ခြင်း နှင့် လျှပ်စစ်စက်ခေါင်းကြီးများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်းဖြင့်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ရာ မြန်မာ့ မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မီးရထားစက်ခေါင်းစက်ရုံအတွင်း မီးရထားစက်ခေါင်းများထုတ်လုပ် တပ်ဆင်နေမှု၊ ပြုပြင်ထိန်းသိမ်းနေမှု၊ စက်ခေါင်းစွမ်းအားမြှင့်တင်နေမှု၊ ရေနွေးငွေ့ စက်ခေါင်းအား ကျောက်မီးသွေးသုံးစက်ခေါင်းအဖြစ် ပြုပြင်နေမှု၊ မီးရထားစက်ခေါင်း အရံ ပစ္စည်းများ ထုတ်လုပ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစ်ဆေးရာ တာဝန်ရှိ သူများ က လိုက်လံရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံသို့ ရောက်ရှိပြီး ဂျပန်နိုင်ငံမှ ရောက်ရှိလာ သည့် DEMU ရထားတွဲဆိုင်း အသစ်များအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အင်းစိန်မီးရထား ဆေးရုံသို့ရောက်ရှိရာ မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူးနှင့် မြန်မာ့မီးရထားဆေးမှူးချုပ် ဒေါက်တာသန်းမင်းထွဋ်တို့က ဆေးရုံ၌ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အငြိမ်းစားဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ကို နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေ များ၊ ဆေးရုံတွင်ကျန်းမာရေးဝန်ထမ်များ လိုအပ်လျက်ရှိမှုနှင့် ကျန်းမာရေးအထောက် အကူပြု ပစ္စည်းများလိုအပ်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များမေးမြန်းပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းအတွက် လိုအပ်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အထောက်အကူပြုပစ္စည်းများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများကိုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။