နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  အမျိုးသားမြေအသုံးချမှုကောင်စီ (ပထမ အကြိမ်) အစည်းအဝေးသို့  တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၁၁ 

အမျိုးသားမြေအသုံးချမှုကောင်စီ (ပထမအကြိမ်) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်း ခန်းမ၌ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီဝင်ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦးနှင့် ဦးရွှေလေး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ညီညီကျော်၊ ညွန်ကြားရေးမှူးချုပ်များ၊ ဉီးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး အမျိုးသားမြေအသုံးချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ များ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီဉက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က  ပြည်သူလူထု၏လိုအပ်ချက်များဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေး၊ ရေအရင်းအမြစ် ကြွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ မြို့ပြနှင့်လူမှုပတ်ဝန်းကျင် အေးချမ်း သာယာရေး၊ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု အမွေအနှစ်များထိန်းသိမ်းရေးတို့အတွက် မြေသယံဇာတများကို မျက်မှောက်ကာလ အတွက် သာမက အနာဂတ်မျိုးဆက်သစ်များအတွက်ပါ ထည့်သွင်းစဉ်းစား စီမံခန့်ခွဲ ဆောင်ရွက် ရမည်ဖြစ် သည့်အတွက် မြေသယံဇာတများစနစ်တကျစီမံခန့်ခွဲရေးကို အလေး ထားဆောင် ရွက်ကြရမည်ဖြစ်ကြောင်း။
မြေသယံဇာတများစီမံခန့်ခွဲရာတွင် စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လူမှုရေး ဆိုင်ရာ ရှုထောင့်ပေါင်းစုံမှ သုံးသပ်ပြီး မှန်ကန်ပြည့်စုံသည့် မူဝါဒ၊ ခိုင်မာသောဥပဒေမူဘောင် နှင့် စွမ်းရည်ရှိသည့် မြေစီမံအုပ်ချုပ်ရေးစနစ်များကို ချမှတ်ကျင့်သုံး အကောင်အထည်ဖော် ရေးသည် များစွာအရေးကြီးကြောင်း။

မြန်မာနိုင်ငံတွင် ယခင်က တိကျစွာပြဋ္ဌာန်းထားသည့် မြေအသုံးချမှုမူဝါဒ မရှိခဲ့ခြင်း အပါအ၀င် ခေတ်အဆက်ဆက် မြေယာစီမံခန့်ခွဲမှု အားနည်းခဲ့သည့်အတွက် အစိုးရ၊ ပြည်သူ နှင့် ရင်းနှီးမြှုပ်နှံသူများအကြား မြေယာအသုံးပြုမှု ပြဿနာများ ပေါ်ပေါက်ခြင်း၊ စက်မှုနှင့် သတ္တုတူးဖော်ရေး၊ ခရီးသွားလာရေး၊ စိုက်ပျိုးရေး၊ သစ်တော၊ မြို့ပြများစသည့် ကဏ္ဍများ အကြား မြေယာအငြင်းပွားမှုများ ပေါ်ပေါက်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် လုံလောက်သည့်မြေဧရိယာအကျယ်အဝန်းကို တစ်ဆက်စပ်တည်းရရှိရန်ခက်ခဲခြင်းနှင့် မြေစျေးများ အဆမတန်မြင့်တက်လာခြင်းတို့ကြောင့် အသေးစား နှင့်အလတ်စားလုပ်ငန်း ရှင်များအတွက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အခွင့်အလမ်းနည်းပါးခြင်းနှင့် မြေအသုံး ချမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ၊ မြေပုံများ တိကျမပြည့်စုံမှု တို့ကြောင့် စီမံခန့်ခွဲသူ များနှင့် ပြည်သူများအကြား လုပ်ကိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်အငြင်းပွားခြင်းနှင့် မြေကျူးကျော် မှုများ ဖြစ်ပွားခြင်း စသည့်မြေယာပြဿနာများကို ရင်ဆိုင်ခဲ့ကြရကြောင်း။

ထို့ကြောင့် မြေယာသတင်းအချက်အလက် စီမံခန့်ခွဲသည့်စနစ်အားကောင်းပြီး တိကျ မှန်ကန်သည့် သတင်းအချက်အလက်များကို အလွယ်တကူရယူအသုံးပြုနိုင်ရေး ဆောင်ရွက် ရန်၊ဆက်စပ်၀န်ကြီးဌာနများအကြား တစ်ဖွဲ့ချင်းစီနှင့် အစုအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက် မှုများပိုမို အားကောင်းလာစေရန်နှင့် မြေယာ၊သဘာဝအရင်းအမြစ်များနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ယခုထက်ပို၍ မဟာဗျူဟာကျကျ လက်တွေ့ကျကျ ပိုမိုထိရောက်စွာ ချမှတ် ဆောင်ရွက်နိုင်ရန် လိုအပ်လျက် ရှိကြောင်း၊ တစ်နည်းအားဖြင့် ရေရှည် တည်တံ့သည့် ဘက်စုံဖွံ့ဖြိုးရေးသည် ဖြစ်လာနိုင်မည်မဟုတ်ကြောင်း၊  ရေရှည်တည်တံ့သည့် ထောင်စုနှစ် ဖွံ့ဖြိုးမှုရည်မှန်းချက်များ (SDG – Sustainable Development Goals) ပြည့်မီရေးအတွက် ဟန်ချက်ညီညီ တိုးတက်ဖြစ်ထွန်းရန် လိုအပ်ကြောင်း။ 

မြန်မာနိုင်ငံတွင် မြေနှင့်ဆက်စပ်၍ စီမံခန့်ခွဲ လုပ်ကိုင်ဆောင်ရွက်နေသော အစိုးရဌာန၊ အဖွဲ့အစည်းများရှိပြီး အဆိုပါဌာနအဖွဲ့အစည်းများမှ ပြဋ္ဌာန်းကျင့်သုံးနေသည့် မြေနှင့် ဆက်စပ်သည့် ဥပဒေများသည် သဟဇာတဖြစ်စေရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် မြေအရင်းအမြစ် ဥပဒေများနှင့် စီမံခန့်ခွဲမှုအချို့သည် နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်အတွက် ယနေ့ခေတ်ကာလ အခြေအနေများနှင့် ကိုက်ညီဆီလျော်မှု၊ လူထုအကျိုးစီးပွား သယ်ပိုးနိုင်မှုနှင့် တရားမျှတမှု ရှုထောင့်များမှ အလေးထားဆန်းစစ်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ ထိုသို့သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းပြီး ပြည်သူ့အကျိုး ပြုနိုင်မည့် လက်တွေ့ကျသော မူဝါဒ၊ တရားမျှတသောဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စီမံခန့်ခွဲမှုပုံစံများ ဖြစ်လာအောင်ပြောင်းလဲပြုပြင်သွားကြရမည်ဖြစ်ကြောင်း၊ တစ်နည်းအား ဖြင့် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်စပ်နေသော လက်ရှိဥပဒေများကို လေ့လာဆန်းစစ်သုံးသပ် ပြီး လိုအပ်ပါက အဆိုပါဥပဒေများကိုလွှမ်းခြုံ၍ သဟဇာတဖြစ်စေမည့် အမျိုးသားမြေဥပဒေ (National Land Law) တစ်ရပ်ရေးဆွဲပြဋ္ဌာန်းပေးရမည်ဖြစ်ကြောင်း။

ထို့ကြောင့် အမျိုးသားမြေဥပဒေကိုရေးဆွဲပြဋ္ဌာန်းရန် အမျိုးသားမြေအသုံးချမှု မူဝါဒ တွင်ထည့်သွင်းပြဋ္ဌာန်းခဲ့သကဲ့သို့ အမျိုးသားမြေအသုံးချမှုကောင်စီ လုပ်ငန်းတာဝန်များ တွင်လည်း အမျိုးသားမြေဥပဒေကို ရေးဆွဲပြဋ္ဌာန်းရန် ဖော်ပြပါရှိကြောင်း။

အမျိုးသားမြေအသုံးချမှု မူဝါဒ၊ အပိုဒ်(၁၀)တွင် အမျိုးသားမြေအသုံးချမှု ကောင်စီ အနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ထိရောက်စွာကြီးကြပ်နိုင်ရေးအတွက် ပြည်ထောင်စု နယ်မြေ(နေပြည်တော်ကောင်စီ)နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြေအသုံးချမှု ကော်မတီများဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရန်ဖြစ်ပြီး၊ မူဝါဒအပိုဒ်(၁၂) တွင် အဆိုပါမြေအသုံးချမှုကော်မတီများ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ရာတွင် အခြေခံ ရမည့်အချက်များကို ဖော်ပြထားကြောင်း။ 

ထို့ကြောင့် မြေသယံဇာတအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေး၊ မြေယာလုပ်ပိုင်ခွင့်ခိုင်မာရေးနှင့် အမျိုးသားမြေဥပဒေရေးဆွဲခြင်းအပါအဝင် အမျိုးသားမြေ အသုံးချမှုကောင်စီ၏လုပ်ငန်းတာဝန်များကို အထောက်အကူပြုနိုင်ရေးအတွက် ပြည်ထောင် စုနယ်မြေ(နေပြည်တော်ကောင်စီ)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ မြေအသုံးချမှု ကော်မတီများအပါအဝင်လိုအပ်သည့် အထောက်အကူပြုလုပ်ငန်းကော်မတီများကိုပြန်လည် ဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ယခုကျင်းပသည့် အစည်းအဝေးတွင် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက် နေသော မြေအသုံးချမှုမူဝါဒဆိုင်ရာ လုပ်ငန်းများ၊ စီမံကိန်းများကိုအခြေခံ၍ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြရန်လိုအပ်ကြောင်း၊  အမျိုးသားမြေ  အသုံးချ မှုကောင်စီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးအတွက် အဖွဲ့ဝင်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ အခန်းကဏ္ဍများအလိုက်၊ နေရာဒေသ အလိုက် ကြိုးပမ်းထမ်းဆောင်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
    
ထို့နောက် ကောင်စီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များနှင့် အမျိုးသားမြေအသုံးချမှုဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီဝင်များဖြစ်ကြသည့်  ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌများနှင့်တာဝန်ရှိသူများ က မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ်ဆိုင်ရာ သတင်းအချက်အလက်များလုံခြုံရေး၊ အမျိုးသားမြေအသုံးချမှုကောင်စီက ဆောင်ရွက်ရမည့် လုပ်ငန်းနယ်ပယ်ဆိုင်ရာကိစ္စရပ်များနှင့် ကောင်စီ၏မူဝါဒများ ကိုအကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့်အခြေအနေများ၊ မြေအသုံးချမှုနှင့်စပ်လျဉ်းသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ အမျိုးသားမြေမူဝါဒကိုပြန်လည်သုံးသပ်နိုင်ရေး၊ အမျိုးသား မြေဉပဒေပေါ်ပေါက်ရေးနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြေစီမံခန့်ခွဲဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မြေအသုံးချဆောင်ရွက်လျှက် ရှိသည့် အခြေအနေများကိုရှင်းလင်းဆွေးနွေးအကြံပြုတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဉက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီဉက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဉက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိဂုံးချုပ်မှာစကားပြောကြားရာ တွင် ၂၀၁၆ ခုနှစ်တွင် အတည်ပြုခဲ့သော အမျိုးသားမြေအသုံးချမှု မူဝါဒတွင် ဖော်ပြထားသည့် အတိုင်း မြို့ပြ၊ ကျေးလက်များအပါအဝင် နိုင်ငံတော်အတွင်းရှိ မြေအသုံးချမှုနှင့် လုပ်ပိုင်ခွင့် များကို စနစ်တကျအောင်မြင်စွာ အကောင်အထည်ဖော် စီမံဆောင်ရွက်နိုင်ရန် မြေနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ညီညွတ်မျှတစေရန် လိုအပ်ကြောင်း။

ယင်းဥပဒေများကို လွှမ်းခြုံသက်ရောက်စေမည့် အမျိုးသားမြေဥပဒေသစ် တစ်ရပ် ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အမြန်ဆုံးရေးဆွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြေအသုံးချမှု သို့မဟုတ် မြေလုပ်ပိုင်ခွင့်တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ အားလုံး အနေဖြင့်  ရှင်းလင်းလွယ်ကူတိကျသည့် မြေယာစီမံအုပ်ချုပ်မှုယန္တရားကို ဖော်ဆောင်ကြ ရမည် ဖြစ်ကြောင်း၊ ထို့ပြင် မြေယာစီမံခန့်ခွဲသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီများ အနေဖြင့်လည်း မြေအသုံး ချမှု မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်နိုင်ရေးအတွက် ဌာနအဖွဲ့ အစည်းများနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးကို ဆောင်ရွက်ပေးကြရမည်ဖြစ် ကြောင်း။

မြေပုံနှင့် မြေပြင်ကိန်းဂဏန်းသတင်းအချက်အလက်များ တိကျမှန်ကန်စေရေးနှင့် လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရေးအတွက် ခေတ်မီနည်းပညာများကို အသုံးပြုကြ ရမည် ဖြစ်ကြောင်း။

မြေအသုံးချမှုနှင့်ပတ်သက်၍ အမျိုးသားမြေအသုံးချမှုကောင်စီအပြင် ဗဟိုလယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်စသည့် မြေအသုံးချမှုနှင့် ဆက်စပ်သည့် အဖွဲ့များကို လည်း ဖွဲ့စည်းထားကြောင်း၊ အဆိုပါအဖွဲ့များသည် မြေအသုံးချမှု စီမံကိန်းများ ဆောင် ရွက်သည့်အခါ အမျိုးသားမြေအသုံးချမှုကောင်စီနှင့် ညှိနှိုင်းပေါင်းစပ်ရန် လိုအပ်မည်ဖြစ်ပြီး အမျိုးသားမြေအသုံးချမှု ကောင်စီအနေဖြင့် ဆက်စပ်ညှိနှိုင်းရန် လိုအပ်သည့်ကိစ္စများအပေါ် သင့်လျော်သည့် လမ်းညွှန်မှုများ ပေးသွားမည်ဖြစ်ကြောင်း။

ထို့ကြောင့် အဖွဲ့ဝင်များအနေဖြင့် အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်း တာဝန်များ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ အခန်းကဏ္ဍအလိုက်၊ နေရာဒေသအလိုက် ကြိုးပမ်းထမ်းဆောင်ကြရမည်ဖြစ်ကြောင်း ပြော ကြားသည်။