မုံရွာမြို့အတွင်း လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်ဖောက်ခွဲရေး ဆောင်ရွက်ခဲ့သော MHG အကြမ်းဖက်အဖွဲ့ဝင်များ ဖမ်းဆီးရမိ

 မုံရွာမြို့အတွင်း လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်ဖောက်ခွဲရေး ဆောင်ရွက်ခဲ့သော MHG အကြမ်းဖက်အဖွဲ့ဝင်များ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ- ၈

မုံရွာမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် ခဲ့သည့် MHG အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော သီဟ (ခ)သီဟအောင် (၃၀)နှစ်၊ အိတုံ(၁၉)နှစ်နှင့် သက်နိုင်းကိုကို(၂၂)နှစ်တို့ ၃ ဦးအား မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၌ Bretta ပစ္စတို ၁ လက်၊ Sigsauer ပစ္စတို ၁ လက်၊ လက်လုပ်ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၁၀ တောင့်၊ လက်လုပ်ဗုံး ၂ လုံး၊ လက်လုပ် သေနတ်ပြောင်း သံပိုက် ၄ ချောင်းတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား နိုဝင်ဘာလ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
၎င်းတရားခံများ၏ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၃ ရက်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ Perfect-2 စားသောက်ဆိုင်၌ မုံရွာမြို့၊ ရတနာပုံရပ်ကွက်နေ ထူးသန့်လွင်(ခ)မိုးကြိုး(၁၉)နှစ်၊ အက်တောရွာပြင်ရပ်ကွက်နေ အောင်ဇေယျ(၁၉)နှစ်နှင့် နန္ဒဝန်ရပ်ကွက် နေ ထိုက်ဇော်အောင်(၁၈)နှစ်တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ၎င်းတို့ တိမ်းရှောင်တည်းခိုနေထိုင်ခဲ့သည့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ HONEY တည်းခိုခန်းအား သွားရောက်ရှာဖွေခဲ့ရာ တည်းခိုခန်းပိုင်ရှင် ပွတ်စပါးဒေဝီ (၅၈)နှစ်နှင့် မန်နေဂျာ အောင်ကျော်မြင့်(၂၇)နှစ်တို့ ၂ ဦးအား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၇ ဦး၊ မ ၁ ဦး၊ ပေါင်း ၈ ဦးနှင့် ပစ္စတို ၃ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၀ တောင့်၊ လက်လုပ်ဗုံး ၂ လုံး တို့အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများအနက် သက်နိုင်းကိုကို သည် မုံရွာမြို့နယ်၊ သာစည် ရွာအနီးတွင်လည်းကောင်း၊ အိတုံ သည် ဖားကန့်မြို့နယ်၊ မော်ကုဋေကျေးရွာအနီးရှိ KIA သင်တန်းကျောင်းတွင်လည်းကောင်း၊ ဖောက်ခွဲဖျက်ဆီးရေးအကြမ်းဖက်သင်တန်း အား တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
လက်နက်/ခဲယမ်း ရရှိမှုအနေဖြင့် သီဟ(ခ)သီဟအောင် ၏ ချိတ်ဆက် ပေးမှုဖြင့် မြဝတီမြို့နေသူ ဖမ်းဆီးရန်ကျန် မောင်ကျော် အပါအဝင် (စိစစ်ဆဲ)ကျား ၄ ဦးမှ အောက်တိုဘာလ ၂၀ ရက်တွင် တရားခံ အောင်ဇေယျ ၏ နေအိမ်၌ ထူးသန့်လွင်၊ ထိုက်ဇော်အောင် နှင့် ဖမ်းဆီးရန်ကျန် မြင့်မောင်မောင် တို့အား Glock ပစ္စတို ၂ လက်၊ Bretta ပစ္စတို ၁ လက်တို့အား လာရောက်ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မုံရွာမြို့နယ်အတွင်း အပြစ်မဲ့ ပြည်သူများအား ပုဂ္ဂိုလ်ရေးဆိုင်ရာမကျေနပ်မှုနှင့် ဌာနဆိုင်ရာသတင်းပေး ဒလန်ဟု စွပ်စွဲကာ အကြမ်းဖက်သတ်ဖြတ်မှုအနေဖြင့် ၆ ကြိမ်ဆောင်ရွက်ခဲ့ပြီး-
- ဩဂုတ်လ ၂ ရက်တွင် အိတုံနှင့် သက်နိုင်းကိုကို တို့ ၂ ဦးသည် ဆိုင်ကယ်ဖြင့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်သို့ သွားရောက်၍ အိတုံမှ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးအား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း။
- ဩဂုတ်လ ၂ ရက်တွင် ထူးသန့်လွင်၊ အိတုံနှင့် ဖမ်းဆီးရန်ကျန် ကောင်းဆုသာ တို့ ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် မုံရွာမြို့၊ တစ်နယ် ပေါက်တောရပ်ကွက်သို့ သွားရောက်၍ အိတုံ မှ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း။
- အောက်တိုဘာလ ၁ ရက်တွင် အိတုံနှင့် သက်နိုင်းကိုကို တို့ ၂ ဦးသည် ဆိုင်ကယ်ဖြင့် မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်သို့ သွားရောက်၍ သက်နိုင်းကိုကို မှ အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦးအား ပစ္စတို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း။
- အောက်တိုဘာလ ၅ ရက်တွင် အိတုံ၊ သက်နိုင်းကိုကိုနှင့် ဖမ်းဆီးရန်ကျန် ကောင်းဆုသာ တို့ ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် မုံရွာမြို့နယ်၊ သစ်ဆိမ့် ကျေးရွာသို့ ဆိုင်ကယ်ဖြင့်သွားရောက်၍ အိတုံ မှ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးအား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း။
- အောက်တိုဘာလ ၈ ရက်တွင် ထူးသန့်လွင်၊ အိတုံနှင့် သက်နိုင်းကိုကို တို့ ၃ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် မုံရွာမြို့၊ အင်းရွာသစ်ရပ်ကွက်သို့ သွားရောက်၍ သက်နိုင်းကိုကို မှ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးအား ပစ္စတို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း။
- အောက်တိုဘာလ ၉ ရက်တွင် ထူးသန့်လွင်နှင့် သက်နိုင်းကိုကို တို့သည် မုံရွာမြို့နယ်၊ ကြေးမုံကွက်သစ်ကျေးရွာသို့ သွားရောက်၍ သက်နိုင်းကိုကို သည် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးအား ပစ္စတိုသေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း။
အဆိုပါလုပ်ကြံသတ်ဖြတ်မှုများအား အစွန်းရောက် NLD အမာခံများ ဖြစ်သည့် ထူးသန့်လွင် နှင့် ဖမ်းဆီးရန်ကျန် ကောင်းဆုသာ မှ သေနတ်ထုတ်ပေး၍ ငွေကြေးများထောက်ပံ့ပေးကာ စေခိုင်းလျက်ရှိပြီး အိတုံ နှင့် သက်နိုင်းကိုကို တို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေအား လမ်းကြောင်းကြည့်ရှုပြီး ၎င်းတို့ကိုယ်တိုင် သတ်ဖြတ်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
ဖမ်းဆီးရမိတရားခံများအနေဖြင့် မုံရွာမြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ ၄ ကြိမ် ဆောင်ရွက်ခဲ့ပြီး -
- ဩဂုတ်လ ၂၉ ရက်တွင် ဖမ်းဆီးရန်ကျန် သိန်းနိုင်ဝင်း(ခ)ဘိုသိန်း ဦးစီး အဖွဲ့သည် မုံရွာမြို့၊ သာစည်လမ်းရှိ TTC ကျောင်းရှေ့၌ ဗုံးဖောက်ခွဲ ခဲ့ကြောင်း။
- စက်တင်ဘာလ ၅ ရက်တွင် ထူးသန့်လွင်၊ အောင်ဇေယျ၊ သက်နိုင်းကိုကို နှင့် ဖမ်းဆီးရန်ကျန် ကောင်းဆုသာ တို့ ၄ ဦးသည် သလ္လာရပ်ကွက်၊ ဆည်မြောင်းရုံးအနီး လမ်းကြားတွင် ဗုံးဖောက်ခွဲခဲ့ကြောင်း။
- စက်တင်ဘာလ ၉ ရက်တွင် ထူးသန့်လွင်၊ ဖမ်းဆီးရန်ကျန် ကောင်းဆုသာ တို့သည် မုံရွာတက္ကသိုလ်အနီး သန်းကုဋေအောင် ဆီဆိုင်ရှေ့ ဂျစ်ကား အပျက်ပေါ်တွင် ဗုံးဖောက်ခွဲခဲ့ကြောင်း။
- စက်တင်ဘာလ ၁၅ ရက်တွင် ဖမ်းဆီးရန်ကျန် ထွန်းထွန်းဝင်း(ခ) အငယ်လေး သည် မုံရွာမြို့၊ ကန်သာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ We Love Monywa ဆိုင်းဘုတ်အနီး၌လည်းကောင်း ဗုံးဖောက်ခွဲမှုများ ပြုလုပ် ခဲ့ကြောင်း။
တရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် ကောင်းဆုသာ အပါ အဝင် အကြမ်းဖက်အဖွဲ့ဝင်များသည် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် HONEY တည်းခိုခန်းအား Safe House အဖြစ် မကြာခဏအသုံးပြုလျက်ရှိကြောင်း၊ ဖမ်းဆီးရန်ကျန် ကောင်းဆုသာ ၏ ချိတ်ဆက်ပေးမှုဖြင့် ထူးသန့်လွင်(ခ)မိုးကြိုး၊ အောင်ဇေယျနှင့် ထိုက်ဇော်အောင် တို့ ၃ ဦးသည် HONEY တည်းခိုခန်းအား Safe House အဖြစ် အသုံးပြုကာ အကြမ်းဖက်လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်သတ်ဖြတ်မှုနှင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများအား ဖမ်းဆီးရန်ကျန် မုံရွာ PDF အကြမ်းဖက်အဖွဲ့မှ အစွန်းရောက် NLD အမာခံများဖြစ်သည့် ကောင်းဆုသာ၊ သိန်းနိုင်ဝင်း(ခ)ဘိုသိန်း၊ မြင့်မောင်မောင်၊ အောင်ဖြိုးဝေ(ခ)ဆရာကျောင်း တို့၏စေခိုင်းမှုဖြင့် အကြမ်းဖက်စခန်း များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ အစိုးရ၏အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်၍ နိုင်ငံဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲကာ လုပ်ကြံ သတ်ဖြတ်ခြင်း၊ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲ ရေးပစ္စည်းများအား ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။