(၂၈) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲကျင်းပ

ရန်ကုန်  ဧပြီ  ၅

  (၂၈) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး   မင်္ဂလာဒုံမြို့နယ်ရှိ  တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီး (ခုတင်-၅ဝဝ) နှင့်နေပြည်တော်ရှိ  တပ်မတော်ဆေးရုံကြီး(ခုတင်-၁ဝဝဝ)တို့၌   Online စနစ်ဖြင့် Virtual Conferenceဖြင့် တစ်ပြိုင်နက်တည်း ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး   ဗိုလ်မှူးချုပ် ကိုကိုလွင်၊   တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် လာအိုနိုင်ငံများမှ    ဆေးတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။ ထို့ပြင်   အခြား တပ်မတော်ဆေးရုံ၊   ဆေးတပ် အသီးသီးသည် Internet မှတစ်ဆင့် Virtual Conference  သို့  နေရာ ၁၄၈   ခုမှ ပါရဂူ၊ ဆေးမှူး၊     သူနာပြု(အရာရှိ)၊    သူနာပြု တက်ရောက်သူ စုစုပေါင်း ၆၆၈ ဦး တက်ရောက်ခဲ့ကြသည်။

  အစီအစဉ်အရ  စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် (၂၈)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို   ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ကိုကိုလွင်က အဖွင့်အမှာစကား ပြောကြားကာ ဖွင့်လှစ်ပေးခဲ့သည်။

  ထို့နောက် ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ပထမနေ့ အစီအစဉ်များအား ဆက်လက်ကျင်းပရာ  Symposium of the Conference အဖြစ် "Healthcare Trends in a pandemic: Myanmar Military Medical Practice"    ကိုလည်းကောင်း၊ Major Symposium များအဖြစ် "Traumatic Brain Injury in Combat Casualty Care" ၊ "Cardiovascular Disease in COVID-19 (Practical Approach)"၊"Managing Non-COVID Respiratory Diseases in the Era of  COVID-19"၊ "Challenges of COVID-19 Pandemic in Myanmar: Military Nursing Perspective" ၊ "Tele  Psychiatryin COVID-19 Pandemic" ၊ "Role  of  Insulin Therapy in Management of Diabetes Mellitus"၊ "Immunological  Role  of Herbs in COVID-19"နှင့်  Special Talk၄ ခုတို့အား ဆွေးနွေးခဲ့ကြသည်။

  ၎င်းအပြင် သုတေသန စာတမ်းများအဖြစ် ဆေးဝါးပညာ၊ သူနာပြုပညာ၊ သားဖွားနှင့် မီးယပ်ရောဂါပညာ၊ ဆေးပညာ၊ ဓာတ်မှန်ပညာစသည့် ဘာသာရပ်ဆိုင်ရာ သုတေသန စာတမ်း စုစုပေါင်း ၁၄ စောင်တို့အား ပါဝင်ဖတ်ကြား တင်သွင်းခဲ့ကြသည်။

  အဆိုပါ (၂၈) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့ထိ ဆက်လက် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။