(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အင်းဝဘဏ် လီမိတက်၏ ဘဏ်ခွဲ(၆၈)ဘဏ်မြောက်၊ မြို့သာဘဏ်ခွဲ ဖွင့်လှစ်

နေပြည်တော်  ဖေဖော်ဝါရီ   ၉

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အင်းဝဘဏ်လီမိတက်၊ မြို့သာဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်ခွဲ ပရိဝုဏ်တွင် ကျင်းပရာ အခမ်းအနားသို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦး၊ ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ မြို့သာစက်မှုဇုန် ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် အင်းဝဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ ဘဏ်ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများနှင့်   ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန  မြို့နယ်အုပ်ချုပ်ရေးမှူး၊  မြို့သာစက်မှုဇုန်ဥက္ကဋ္ဌ၊ အင်းဝဘဏ်လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန် နံနက်၉ နာရီ ၅ မိနစ်တွင် အခမ်းအနားကို ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦးက အင်းဝဘဏ်လီမိတက်၊  မြို့သာဘဏ်ခွဲ ဆိုင်းဘုတ်ကို  စက်ခလုတ်နှိပ်၍  ဖွင့်လှစ်ပေးကာ ဘဏ်ခွဲကမ္ပည်းမော်ကွန်း ဆိုင်းဘုတ်နှင့် ဘဏ်ကောင်တာတို့အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ   ဘဏ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ ယနေ့ဖွင့်လှစ်လိုက်သော အင်းဝဘဏ်လီမိတက်၊ မြို့သာဘဏ်ခွဲသည် အင်းဝဘဏ်လီမိတက်၏ (၆၈)ဘဏ်မြောက် ဘဏ်ခွဲဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အတွင်း ဖွင့်လှစ်ထားရှိကာ အပ်ငွေများ လက်ခံခြင်း၊    ငွေစုဘဏ်လုပ်ငန်း ဆောင်ရွက်ပေးခြင်း၊   ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများ ထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (Payment  Order) များ  ထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank  Guarantee) အမျိုးမျိုးထုတ်ပေးခြင်း၊ Debit  Card  များထုတ်ပေးခြင်း စသည့်ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများအား  ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပါသည်။ အင်းဝဘဏ်လီမိတက် အနေဖြင့် မြန်မာနိုင်ငံ အဝန်းရှိ ပြည်သူများအကြား     ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ အဆင်ပြေ လွယ်ကူချောမောစွာလည်ပတ်နိုင်ရေး၊ ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အင်းဝဘဏ်လီမိတက် အနေဖြင့် ပြည်တွင်းငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများအပြင် ငွေစုဘဏ်အပ်ငွေအပေါ် အတိုးနှုန်း ၆ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် စာရင်းသေအပ်ငွေ အပေါ်ငွေစုဆောင်းသူများ၏ သဘောဆန္ဒအလျောက် စုဆောင်းသည့် အချိန်ကာလ အပိုင်းအခြားအလိုက် မူတည်၍ ၈ ဒသမ  ၅ ရာခိုင်နှုန်း အထိ အတိုးနှုန်းများ ပေးအပ်လျက်ရှိပြီး စီးပွားရေး လုပ်ငန်းမတည် ရင်းနှီးလုပ်ကိုင်လိုသူများအတွက် ချေးငွေထုတ်ချေးပေးလျက်ရှိကာ ယခုမြို့သာဘဏ်ခွဲသည် အင်းဝဘဏ် လီမိတက်၏ (၆၈)ဘဏ်မြောက် ဘဏ်ခွဲဖြစ်ပါသည်။