CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ ညွှန်ကြားချက်ဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ မဟုတ်မမှန်လုပ်ကြံဆွဲဆောင်စည်းရုံးမှုကြောင့် ကယားပြည်နယ်ဘက်သို့ ထွက်ခွာလာသည့် ကျောင်းသားလူငယ် ၅ ဦးအား မိဘရင်ခွင်သို့ ပြန်လည်ပို့ဆောင်အပ်နှံပေးမှု

 CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ ညွှန်ကြားချက်ဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ မဟုတ်မမှန်လုပ်ကြံဆွဲဆောင်စည်းရုံးမှုကြောင့် ကယားပြည်နယ်ဘက်သို့ ထွက်ခွာလာသည့် ကျောင်းသားလူငယ် ၅ ဦးအား မိဘရင်ခွင်သို့ ပြန်လည်ပို့ဆောင်အပ်နှံပေးမှု

နေပြည်တော်၊ ဇန်နဝါရီလ ၃၁ ရက်

CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ ညွှန်ကြားချက်ဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ မဟုတ်မမှန်လုပ်ကြံဆွဲဆောင်စည်းရုံးမှုကို နားယောင်ကာ ကယားပြည်နယ်ဘက်သို့ ထွက်ခွာလာသော ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အထက(ရွှေမြယာ)မှ နဝမတန်းကျောင်းသား မောင်ဇွဲသက်ပိုင်( ၁၅ နှစ်)၊ မောင်ရဲမင်းထွေး ( ၁၆ နှစ်)၊ ဒသမတန်းကျောင်းသား မောင်ဥက္ကာမင်းမောင် ( ၁၅ နှစ်)၊ မောင်ကောင်းသန့်နိုင်( ၁၅ နှစ်)၊ မောင်သန်းထိုက်( ၁၅ နှစ်) တို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများနှင့် တာဝန်သိပြည်သူများ ပူးပေါင်း၍ ရှာဖွေစုံစမ်းခဲ့ရာ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး မိဘများ၏ရင်ခွင်သို့ ပြန်လည် ပို့ဆောင်အပ်နှံပေးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၉ ရက်တွင် CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံအဖွဲ့ဖြစ်သော ကယားပြည်နယ်ရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အထက(ရွှေမြယာ)မှ နဝမတန်းကျောင်းသားများဖြစ်သော မောင်ဇွဲသက်ပိုင်( ၁၅ နှစ်)၊ မောင်ရဲမင်းထွေး( ၁၆ နှစ်)၊ မောင်အောင်နိုင်သူ( ၁၆ နှစ်)၊ ဒသမတန်းကျောင်းသားများဖြစ်သော မောင်ဥက္ကာမင်းမောင် (၁၅ နှစ်)၊ မောင်ကောင်းသန့်နိုင်( ၁၅ နှစ်)၊ မောင်သန်းထိုက်( ၁၅ နှစ်)၊ မောင်သိန်းသန်းရွှေ ( ၁၆ နှစ်)နှင့် အောင်မြင့်မြတ်တို့အား အင်တာနက်လူမှုကွန်ရက်မှတစ်ဆင့် ဆက်သွယ် ၍ မဟုတ်မမှန် လုပ်ကြံစည်းရုံးမှုများဆောင်ရွက်ကာ ကယားပြည်နယ်သို့ လာရောက်ရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ စည်းရုံးမှုကြောင့် အပြစ်မဲ့ကျောင်းသားလူငယ် ၈ ဦးသည် PDF အမည်ခံအကြမ်းဖက်သမား၏ ဆွဲဆောင်စည်းရုံးမှုကိုနားယောင်ကာ ဇန်နဝါရီလ ၂၉ ရက်တွင် မိဘများအား ကျောင်းသို့သွားမည်ဟု အကြောင်းပြကာ စေတမာန် Express ကားဖြင့် ရန်ကုန်မှ တောင်ငူမြို့သို့ လိုက်ပါခဲ့ကြကြောင်း၊ တောင်ငူမြို့သို့ရောက်ရှိစဉ် ကယားပြည်နယ်ဘက်သို့ ဆက်လက်ထွက်ခွာရန် မော်တော်ယာဉ်အား လိုက်လံ ငှားရမ်းခဲ့ရာ မရသဖြင့် စေတမာန်ကားဂိတ်အနီးရှိ အေသင်စားသောက်ဆိုင်၌ ညအိပ် တည်းခိုခဲ့ကြကြောင်း၊ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် တာဝန်သိပြည်သူများ၏ ဖြောင်းဖျမှုကြောင့် မိဘများထံသို့ ဖုန်းဖြင့် ပြန်လည်ဆက်သွယ်မှုရယူခဲ့ကြောင်း၊ ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အေသင်စားသောက်ဆိုင်၌ အပြစ်မဲ့ကျောင်းသားလူငယ် ၈ ဦး အနက် ၅ ဦးအား ပြန်လည်တွေ့ရှိခဲ့သဖြင့် ခေါ်ဆောင်ကာ မိဘများထံပြန်လည် အပ်နှံပေးခဲ့ကြောင်း၊ သို့သော် အောင်မြင့်မြတ်၊ မောင်အောင်နိုင်သူနှင့် မောင်သိန်းသန်းရွှေ တို့ ၃ ဦးမှာ ဇန်နဝါရီလ ၂၉ ရက်ညပိုင်းတွင် ကျန်ကျောင်းသားများအား အသိပေးခြင်းမရှိဘဲ ထွက်ခွာသွားသဖြင့် ဆက်လက်ရှာဖွေ လျက်ရှိကြောင်း သိရှိရသည်။
သို့ဖြစ်၍ CRPH ၊ NUG အကြမ်းဖက်အဖွဲ့နှင့် လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့သည် အပြစ်မဲ့ကျောင်းသားလူငယ်များအား မဟုတ်မမှန်လုပ်ကြံစည်းရုံးကာ အကြမ်းဖက်လုပ်ငန်းများ၌ အသုံးချလုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် ကျောင်းသား၊ မိဘ၊ ဆရာ သုံးဦးသုံးဖလှယ် ပေါင်းစပ်၍ ကျောင်းသားလူငယ်များ လမ်းမှားမရောက်စေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရန်နှင့် တာဝန်သိမိဘ ပြည်သူများအနေဖြင့်လည်း သတင်းရရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့သွားရန် မေတ္တာရပ်ခံအပ်ပါသည်။ အပြစ်မဲ့ကျောင်းသားလူငယ်များအား မဟုတ်မမှန်လုပ်ကြံ စည်းရုံးအသုံးချနေသည့် အကြမ်းဖက်သမားများကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်၍ တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။