ကချင်ပြည်နယ်၊ တနိုင်းမြို့၌ KIA အဖွဲ့မှ မော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံပြီး ဆန်တင်ယာဉ် ၄ စီးအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဧပြီ ၁၄

၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့၌ KIA အဖွဲ့မှ မော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံပြီး ဆန်တင်ယာဉ် ၄ စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက် ညနေ ၃ နာရီအချိန်တွင် တနိုင်းမြို့နယ်၊ တိန်ကောက် ကျေးရွာ၊ ရဝမ်ကုန်းအနီး တနိုင်း−မြစ်ကြီးနားလမ်းမကြီးပေါ်တွင် KIA  အဖွဲ့မှ အင်အား ၃၀ ဦးခန့်သည် တနိုင်း−မြစ်ကြီးနားသွား မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးပြီး ၎င်းတို့အဖွဲ့ထံ ဆက်ကြေး ပေးသွင်းထားသည့် စာရွက်စာတမ်းအထောက် အထားများပြသနိုင်ပါက ရန်ပုံငွေအဖြစ် ယာဉ်ကြီး ၁ စီးလျင် ၄၀၀၀၀ ကျပ်၊ ဆက်ကြေးပေးသွင်း ထားကြောင်း အထောက်အထားမပြသနိုင်ပါက ယာဉ်ကြီး ၁ စီးလျင် ၂၅၀၀၀၀ ကျပ်၊ ယာဉ်ငယ် ၁ စီး လျင် ၅၀၀၀၀ ကျပ်နှုန်းဖြင့် ယာဉ်ငယ် ၁ စီးနှင့် ယာဉ်ကြီး ၃ စီးတို့အား ဆက်ကြေးကောက်ခံကာ စေလွှတ်ပေးခဲ့သည်။

 အဆိုပါအဖွဲ့သည် ရှင်ဗွေယန်မြို့ရှိ ပြည်သူများစားသုံးရန် ဆန်အိတ်များ တင်ဆောင် မောင်းနှင်လာသည့် ဦးစိုးနိုင်ဝင်း(စိစစ်ဆဲ) ၄ ဦးပါ ၁၂ ဘီးယာဉ် ၃ စီးနှင့် ၁၀ ဘီးယာဉ် ၁ စီး၊ စုစုပေါင်း ဆန်တင်ယာဉ် ၄ စီးတို့အား တနိုင်း−မြစ်ကြီးနားလမ်းမကြီးဘေး အရှေ့ဘက် ၁ မိုင်ခန့်အကွာ တောတွင်းတစ်နေရာသို့ မောင်းနှင်စေပြီး မော်တော်ယာဉ် ၄ စီး (တန်ဖိုးငွေကျပ် ၁၇၅၀ သိန်းခန့်)နှင့် ယာဉ်ပေါ်ပါဆန်အိတ် ၁၂၀၀ အိတ်(တန်ဖိုးငွေကျပ် ၃၈၄ သိန်းခန့်)တို့အား မီးရှို့ဖျက်ဆီးခဲ့ကာ ယာဉ်မောင်း ၄ ဦးတို့အား ပြန်လည်စေလွှတ် ပေးခဲ့သဖြင့် တနိုင်းမြို့သို့ လိုင်းကားများဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားသည့်နေရာတဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ် လိုက်လံပိတ်ဆို့၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။