ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ အပြစ်ကျတရားခံများ ပို့ဆောင်သည့်ရေယာဉ်အား လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်‌ နှောက်ယှက်ပစ်ခတ် တိုက်ခိုက်၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် အပြစ်ကျတရားခံ အမျိုးသား ၂ ဦးဒဏ်ရာရ

နေပြည်တော်၊ မေ ၁၁

               ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ အပြစ်ကျတရားခံများ သွားရောက်ပို့ဆောင်သည့် ရေယာဉ်အား လက်နက်ကိုင်သောင်းကျန်းသူများမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် အပြစ်ကျတရားခံ အမျိုးသား ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ရွှေကူမြို့နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၄ နာရီ ၂၅ မိနစ် ခန့်တွင် အပြစ်ကျတရားခံ အမျိုးသား ၁၅ ဦး အမျိုးသမီး ၄ ဦးတို့အား မြစ်ကြီးနား အကျဉ်း ဦးစီးဌာနသို့ ပို့ဆောင်ရန်အတွက် ဧရာဝတီမြစ်ကြောင်းအတိုင်း ရေယာဉ်ဖြင့် ထွက်ခွာလာစဉ် နံနက် ၅ နာရီခန့်တွင် ရွှေကူမြို့နယ်၊ သင်္ဘောအင်းကျေးရွာအနီးအရောက်၌ ဧရာဝတီမြစ် အနောက်ဘက် ကမ်းမှ အသင့်စောင့်ဆိုင်းနေသည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရသည်။ ထို့နောက် ဆက်လက်ထွက်ခွာခဲ့ရာ ၅ နာရီ ၅၀ မိနစ်ခန့်တွင် နောင်မို ကျေးရွာ အထက်(ဒေသအခေါ်) ကြက်တူရွေးနှုတ်သီးအထက်သို့ အရောက်၌ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက် လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ ၅ မိနစ်ခန့် အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ အဆိုပါပစ်ခတ်မှုဖြစ်စဉ်များ အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် အပြစ်ကျတရားခံ ၂ ဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါသည်။