ကနီမြို့နယ်၊ ကွန်းပင်ရေမိုက်ကရိုဝေ့ စတေရှင်၌ တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦးအား ဆူပူအကြမ်းဖက်သူများက တူမီးသေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်

နေပြည်တော်၊ ဧပြီ - ၂၀

    စစ်ကိုင်းတိုင်း ဒေသကြီး၊ ကနီမြို့နယ်အတွင်း ကွန်းပင်ရေ မိုက်ကရိုဝေ့စတေရှင်၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဧပြီ ၁၈ ရက်နေ့တွင် ဆူပူအကြမ်းဖက်သူ လူတစ်စုက တူမီးသေနတ်များ ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

    ဖြစ်စဉ်မှာ ကနီမြို့နယ်၊ ကွန်းပင်ရေ မိုက်ကရိုဝေ့စတေရှင်၌ လုံခြုံရေးလုပ် ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအနက်မှ ဒုအရာခံဗိုလ် စိုးစိုးအောင် အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်  ၆ ဦးတို့သည် ဧပြီ ၁၈ ရက် ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် ရေဆိပ်သို့ ရေခပ်ဆင်းရန်အတွက် စခန်းမှ ထွက်ခွာခဲ့စဉ် ၎င်းနှင့်အတူ ပါရှိသည့် စစ်သည်များအား မစောင့်ဘဲ ဆိုင်ကယ်ဖြင့် ရှေ့မှ တစ်ဦးတည်း မောင်းနှင် ထွက်ခွွာလာခဲ့ကြောင်း၊ ည ၆ နာရီ ၁၀ မိနစ်ခန့်တွင် ရေဆိပ်ဘက်မှ  တူမီးသေနတ် သံများနှင့် အော်ဟစ်ဆူညံသံများကို ကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ခဲ့ရာ ဒုအရာခံဗိုလ် စိုးစိုးအောင် အား မတွေ့ရှိရဘဲ ၎င်းကိုင်ဆောင်သည့် လက်နက်၊ခဲယမ်းများနှင့်အတူ ပျောက်ဆုံးလျက် ရှိကြောင်း သိရှိရသည်။

    ဆက်လက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဧပြီ ၁၉ ရက်နေ့တွင် ကွန်းပင်ရေမိုက် ကရိုဝေ့စတေရှင်နှင့် ဝန်းကျင်တစ်ဝိုက်အား လိုက်လံရှာဖွေရာ  နံနက် ၇ နာရီ ၅၀ မိနစ် ခန့်တွင်  တူမီးခဲစ ၃ ချက် ရင်ဘက်ထိမှန် ဒဏ်ရာဖြင့် လဲကျသေဆုံးနေသည့် ဒုအရာခံဗိုလ် စိုးစိုးအောင် ၏ ရုပ်အလောင်းအား တွေ့ရှိခဲ့သည်။

    ဖြစ်စဉ်အား စိစစ်ခဲ့ရာတွင် ယင်းနေ့တွင် ရေဆိပ်အနီး၌ ဆူပူအကြမ်းဖက် သူအင်အား ၁၀၀ ဦးခန့်က အသင့်ပုန်းအောင်း စောင့်ဆိုင်း၍ ရောက်ရှိလာသည့် ဒုအရာခံဗိုလ် စိုးစိုးအောင် အား ဝိုင်းဝန်းဖမ်းဆီးကာ တူမီးသေနတ်များဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ သေဆုံးစစ်သည်၏ ရုပ်အလောင်းအား နယ်မြေခံ တပ်မတော်ဆေးရုံ သို့ ပို့ဆောင်၍ တပ်မတော် ထုံးတမ်းအစဉ်လာနှင့်အညီ သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်းနှင့် ပျောက်ဆုံးလျက်ရှိသည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား ပြန်လည် ရရှိရေးနှင့် ဆူပူအကြမ်းဖက်မှုတွင် ဦးဆောင်သူများနှင့် ပါဝင်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။