ကနီမြို့နယ် အတွင်း၌ ဆူပူအကြမ်းဖက်သူများအား ဆူပူအကြမ်းဖက်မှု လုပ်ရပ်များ ပြုလုပ်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့်အတူဖမ်းဆီးရမိ

နေပြည်တော် မေ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊   ကနီမြို့နယ်အတွင်းရှိ ချောင်းမကျေးရွာနှင့် အောင်မင်္ဂလာ ကျေးရွာလမ်းကြောင်း၌ လုံခြုံရေး ဆောင်ရွက်နေသည့်    လုံခြုံရေး တပ်ဖွဲ့ဝင်များအား  မေ ၇ ရက်တွင် ဆူပူအကြမ်းဖက်သူများက ဒေသန္တရ လက်လုပ်ဆွဲမိုင်းများ၊ တူမီးသေနတ်များဖြင့်  ဖောက်ခွဲ တိုက်ခိုက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ဆူပူအကြမ်းဖက်သူများအား   လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေး ဆောင်ရွက်စဉ်   နေ့လယ် ၂ နာရီ ၁ဝ မိနစ်ခန့်တွင်  ကနီမြို့နှင့် ချောင်းမကျေးရွာ အကြားသို့အရောက်၌ ဆူပူအကြမ်းဖက်သူ ၂ဝ ဦးခန့်က တူမီး သေနတ်များဖြင့်    စတင်တိုက်ခိုက် လာသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဆူပူအကြမ်းဖက်သူများအနက်မှ ၁ ဦးသေဆုံးခဲ့ပြီး ချစ်မင်းကို (ဘ)ဦးသန်းငွေအား တူမီးသေနတ် ၂ လက်၊ လက်လုပ်မိုင်း ၅ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ အကြမ်းဖက် သောင်းကျန်းသူများသည် ကနီမြို့နယ်၊ ကျောက်လုံးကြီး ဘုန်းကြီးကျောင်းတွင် တူမီးသေနတ်များ ကိုင်ဆောင် ခိုအောင်းနေကြောင်း သိရှိရသဖြင့် နေ့လယ် ၁၂ နာရီ ၁ဝ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ရှာဖွေစဉ် ဆူပူအကြမ်းဖက်သူ ၁၂ဝ ဦးခန့်က အဆိုပါကျောင်းအတွင်းမှ တူမီးသေနတ်၊ လက်လုပ်မိုင်းများဖြင့် စတင်ပစ်ခတ် တိုက်ခိုက်လာသဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ခုခံပစ်ခတ် တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး မိုင်းစထိမှန် ကျဆုံးခဲ့ပြီး အကြမ်းဖက်သူ ၃ ဦးသေဆုံးကာ ၎င်းနေရာမှ တူမီးသေနတ် ၈ လက်၊ အခြားဆက်စပ် ပစ္စည်းများအား   သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သူ ၃ ဦး သေဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ သေမှုသေခင်းဖွင့်လှစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့သည်။

အဆိုပါဖြစ်စဉ်များတွင်   ဦးဆောင်သူများနှင့် ပါဝင်ပတ်သက်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေး အပူတပြင်း စုံစမ်းဖော်ထုတ် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၃ နာရီခန့်တွင် ကနီမြို့နယ်၊ သမင်ခြံကျေးရွာအနီးရှိ တောင်ယာတဲများ အတွင်းမှ အမျိုးသား ၂၃ ဦးအား  တူမီးသေနတ် ၉ လက်၊  လက်လုပ်ပြောင်းရှည်သေနတ် ၅ လက်၊   ဆက်စပ်ပစ္စည်းများနှင့်အတူ ရှာဖွေဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။

အထက်ပါဆူပူ အကြမ်းဖက်ရာတွင် ပါဝင်သူများနှင့် လက်နက်၊ ပစ္စည်းများနှင့် ကိရိယာများကို လက်ဝယ် ထားရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။