ကယားပြည်နယ်ရှိ ရဲတပ်ဖွဲ့စခန်းများအား လက်နက်ကိုင်သောင်းကျန်းသူများမှ လက်နက်ငယ်၊ လက်ပစ်ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

နေပြည်တော်၊ မေ ၂၂
    
ကယားပြည်နယ်ရှိ ရဲတပ်ဖွဲ့စခန်းများအား လက်နက်ကိုင်သောင်းကျန်းသူများမှ လက်နက်ငယ်၊ လက်ပစ်ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ 
    
ထိုသို့တိုက်ခိုက်ခဲ့ရာတွင် မေလ ၂၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်တွင် ဒီးမော့ဆိုမြို့ရှိ မြို့မရဲစခန်းအား လက်နက်ကိုင်သောင်းကျန်းသူအင်အား ၂၀ ဦး ခန့်က ရဲစခန်းအရှေ့ဘက် ကိုက် ၁၀၀ ခန့်အကွာရှိ ထေရဝါဒတောင်တန်းသာသနာပြု ဘုန်းကြီးကျောင်း အတွင်းမှနေ၍ လက်နက်ငယ်၊ လက်ပစ်ဗုံးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့များမှာ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
    
ထို့အတူ ညနေ ၃ နာရီခွဲအချိန်တွင် ဘောလခဲမြို့နယ်ရှိ နန်းဖဲရဲကင်းစခန်းအား လက်နက်ကိုင်သောင်းကျန်းသူ အင်အား ၃၀ ဦးခန့်က ရဲကင်စခန်း၏ အရှေ့ဘက်နှင့် တောင်ဘက်တို့မှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ 
    
အထက်ပါဖြစ်စဉ်များတွင် လုံခြုံရေးရဲစခန်းများအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်သောင်းကျန်းသူများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။