နေပြည်တော်၊ မေ ၃၀
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၌ တံတား ၂ စင်းအား အကြမ်းဖက်သောင်းကျန်းသူများမှ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်-ဒီးမော့ဆို-ဘော်လခဲသွားကားလမ်းပေါ်ရှိ တံတား ၂ စင်းအား အကြမ်းဖက် သောင်းကျန်းသူအင်အား ၇၀ ဦးခန့်မှ ဖြိုချဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဖရူဆိုမြို့နှင့် ဒီးမော့ဆိုမြို့ကြား ဖရူဆိုမြို့နယ်၊ ကဒါလားကျေးရွာအနီးရှိ အရှည် ၃၀ ပေ၊ အကျယ် ၂၀ ပေ ရှိ သံကူကွန်ကရစ်တံတားအား ဘက်ဟိုးဖြင့် တံတား၏တစ်ဖက်တစ်ချက်စီအား အကျယ် ၁၅ ပေ၊ အနက် ၁၅ ပေခန့်ရှိ မြေကျင်း များတူးကာ ဖြိုချဖျက်ဆီးခဲ့ပြီး အဆိုပါတံတားအနီးရှိ အရှည် ၃၀ ပေ၊ အကျယ် ၂၀ ပေရှိ သံကူကွန်ကရစ်တံတားအား ဖရူဆိုမြို့နယ်ဘက်ခြမ်းမှ ဘက်ဟိုးဖြင့် အကျယ် ၁၅ ပေ၊ အနက် ၂၀ ပေခန့် မြေဖျက်ကျင်းများ တူးခဲ့ရာ တံတားမှာ ပြိုကျခြင်းမရှိဘဲ တံတားလက်ရန်းနှင့် ကမ်းကပ်ခုံ ၁၀ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်းနှင့် တံတားများပြိုကျကာ မြေဖျက်ကျင်းများ တူးဖော်ထားမှုကြောင့် မော်တော် ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် တံတားများအား အများပြည်သူများ ပြန်လည်အသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူများမှ အမြန်ပြန်လည်ပြုပြင် နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖျက်ဆီးခဲ့သူ အကြမ်းဖက်သောင်းကျန်းသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။