ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဆူပူအကြမ်းဖက်သူများပြုလုပ်ထားရှိသည့် အတားအဆီးများ ရှင်းလင်း ဖယ်ရှားစဉ် အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်  မေ  ၁၂

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ယနေ့တွင် ဆူပူအကြမ်းဖက်သူများပြုလုပ်ထားရှိသည့် အတားအဆီးများ ရှင်းလင်းဖယ်ရှားစဉ် အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၅  မိနစ်အချိန်တွင် လွိုင်ကော်မြို့၊ နံနတ်တောရပ်ကွက်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် စက်မှုလက်မှု အထက်တန်းကျောင်းကြားတွင် ဆူပူအကြမ်းဖက်သူ အင်အား (၁၀၀)ဦးမှ ဆူပူအော်ဟစ်ကာ ဆန္ဒပြနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ဖြိုခွဲထိန်းသိမ်းခဲ့ရာ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး အဆိုပါ ဆူပူဆန္ဒပြသူ လူအုပ်စုအတွင်းမှ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၂ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

ထို့ပြင် ပြည်နယ်ကော်မရှင်ရုံးထောင့်သို့ရောက်ရှိရာ ဆူပူအကြမ်းဖက်သူများက အများပြည်သူသွား ကား လမ်းမကြီးအား သုံးမြှောင့်သံချွန်များနှင့်  သစ်တုံးအတားအဆီးများဖြင့်ပိတ်ဆို့ထားသဖြင့် ရှင်းလင်းဖယ်ရှား စဉ် မြို့ရှောင်လမ်း ဇေညီနောင် ဆီဆိုင်ဘက်မှ ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား ၃၀ ဦးခန့်က တူမီးသေနတ်၊ လေသေနတ်၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ညနေ ၅ နာရီခွဲအချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူများ၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဆူပူအကြမ်းဖက်သူများအား ဥပဒေနှင့်အညီ ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လိုအပ်သော လုံခြုံရေးအင်အားများ ဖြည့်တင်းကာ ပိတ်ဆို့ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား