ကရင်ပြည်နယ်အစိုးရအဖွဲ့က KNU/KNLA(PC)ဌာနချုပ် ထို့ကော်ကိုးဒေသရှိ ကျောင်းသား/သူများအတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များထောက်ပံ့
ဘားအံ ဇွန် ၇
ပညာရေးဝန်ကြီးဌာနမှထောက်ပံ့သည့် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များ ကို ကရင်ပြည်နယ်အစိုးရအဖွဲ့က KNU/KNLA(PC) ဌာနချုပ် ထို့ကော်ကိုးဒေသရှိ ကျောင်း သား/သူများအတွက် ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ငြိမ်းချမ်းရေး ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်၏ ရင်သွေးငယ်များ ပညာရေးတို့နှင့်ပတ်သက်၍ အမှာ စကား ပြောကြားသည်။ ထို့နောက် KNU/KNLA(PC)ဌာနချုပ် ထို့ကော်ကိုးနှင့် ပတ်ဝန်းကျင် ဒေသရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ် စာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ရာ ကရင်အမျိုးသား အစည်းအရုံး / ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးက လက်ခံရယူ၍ ကျေးဇူးတင် စကားပြန်လည် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။
ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်ဒါဇင်(၁၅၀၀)နှင့် KG တန်းမှ Grade 10 ထိ ကျောင်းသုံးပုံနှိပ်စာအုပ် ၅၃၀၃ စုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။