ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အကြမ်းဖက်သမားများက ကုန်တင်ယာဉ် ၁ စီးအား မီးရှို့ဖျက်ဆီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အကြမ်းဖက်သမားများက ကုန်တင်ယာဉ် ၁ စီးအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇန်နဝါရီ ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အကြမ်းဖက်သမားများက ၆ ဘီးကုန်တင်ယာဉ် ၁ စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြဝတီကားလမ်း၌ မော်တော်ယာဉ် ၁ စီးမီးလောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် မီးငြိမ်းသွား ခဲ့ပြီး မီးလောင်မှုကြောင့် ဆပ်ပြာမှုန့်၊ မုန့်မျိုးစုံတင်ဆောင်ထားသည့် 1N/7932 ၆ ဘီး ကုန်တင်ယာဉ် ၁ စီးမီးလောင်ပျက်စီးခဲ့ပြီး ဖြစ်စဉ်အား စိစစ်ခဲ့ရာ ည ၆ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သဲကုန်းကျေးရွာနေ ဇော်ဇော်ဦး(၄၆)နှစ် (ဘ)ဦးစန်းမြင့် မောင်းနှင်ပြီး ဇနီးဖြစ်သူ ဒေါ်ရှမ်းမ(၃၀)နှစ် (ဘ)ဦးလှမြင့်လိုက်ပါလာသည့် 1N/7932 ၆ ဘီးကုန်တင်ယာဉ်သည် ကုန်မျိုးစုံတင်ဆောင်ပြီး မြဝတီ-ကော့ကရိတ်ကားလမ်းအတိုင်း မြဝတီမြို့မှ ထွက်ခွာလာခဲ့ရာ အခင်းဖြစ်နေရာအရောက်တွင် သေနတ် များကိုယ်စီကိုင်ဆောင်ထားသည့် အကြမ်းဖက်သမားများက မော်တော်ယာဉ်အား တားဆီး၍ ၎င်းတို့ ၂ ဦးအား ယာဉ်ပေါ်မှ ဆင်းခိုင်းကာ ယာဉ်၏ခေါင်းပိုင်းအတွင်းသို့ ဓာတ်ဆီလောင်းချမီးရှို့ခဲ့ပြီး ကားလမ်း၏ ဝဲဘက်ခြမ်းလယ်ကွင်းဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ထိုကဲ့သို့ ၆ ဘီးကုန်တင်ယာဉ်အား တားဆီးကာ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက် သမားများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။