နေပြည်တော်၊ ဇွန် ၉
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်ညီညွှတ်ရေးပါတီဝင် အမျိုးသမီး ၁ ဦးအား အကြမ်းဖက်သူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဘုရားသုံးဆူမြို့၊ ရွာသစ်ကျေးရွာအနီးလမ်းပေါ်၌ အမျိုးသမီး ၁ ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရွာသစ်ကျေးရွာအနီးရှိ လမ်းပေါ်၌ BGO 3Q/-— Honda Fit မော်တော်ယာဉ်ပေါ်၌ ရွာသစ်ကျေးရွာနေ ဒေါ်မိဝေသီဖြိုး(၃၂)နှစ် အထက်တန်းရှေ့နေ (ဖ)ဦးစိုးနိုင် အား ဝဲရင်အုံ၊ ဝဲလက်မောင်း၊ ယာခြေသလုံးတို့တွင် ဖောက်ဝင် ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဘုရားသုံးဆူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံ အရောက်၌ သေဆုံးသွားခဲ့သည်။
ဒေါ်မိဝေသီဖြိုး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ ၎င်းသည် နေအိမ်မှ ဘုရားသုံးဆူမြို့သို့ ၎င်းပိုင် မော်တော်ယာဉ်ဖြင့် တစ်ဦးတည်း မောင်းနှင်လာစဉ် ရွာသစ်ကျေးရွာအရောက်၌ အနောက်မှ ဆိုင်ကယ်စီးနင်းလိုက်ပါလာသည့် အမျိုးသား ၁ ဦး က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းသည် ၂၀၂၀ ရွေးကောက် ပွဲ၌ မွန်ညီညွတ်ရေးပါတီမှ အမျိုးသားလွှတ်တော် အမှတ်(၄)မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ကြောင်း သိရှိခဲ့သည်။
ဖြစ်စဉ်မှ ဒေါ်မိဝေသီဖြိုးအား ဒဏ်ရာရ သေဆုံးအောင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သူအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။