ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ အုပ်ချုပ်ရေးယန္တရားထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ကာ အကြမ်းဖက်အုပ်စုများက ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူးနှင့် ရပ်/ကျေးစာရေးတို့ ၂ ဦးအား ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်

 
နေပြည်တော်၊ မေ ၁၄

 
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ အုပ်ချုပ်ရေးယန္တရားနှင့် တရားဥပဒေစိုးမိုးမှု ထိခိုက် ပျက်ပြားစေရန်နှင့် ပြည်သူလူထုများကြားတွင် အကြောက်တရားများ လွှမ်းမိုးစေရန်ရည်ရွယ်ကာ အကြမ်းဖက်အုပ်စုများမှ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူးနှင့် ရပ်/ကျေးစာရေးတို့ ၂ ဦးအား ရည်ရွယ် ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 
ဖြစ်စဉ်မှာ မေလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် သံတောင်ကြီး မြို့နယ်၊ ပျားစခန်းကျေးရွာ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့မှူးဖြစ်သူ ဦးရာဇာဝင်းရွှေ (၄၀)နှစ် (ဘ) ဦးဝင်းရွှေနှင့် ရပ်/ကျေးစာရေးဖြစ်သူ စောစေးဝါး (၅၁)နှစ် (ဘ) ဦးယိုလဲတို့ ၂ ဦးသည် ကျေးရွာ အတွင်းရှိ ကုန်စုံဆိုင်တွင် ဈေးဝယ်နေစဉ် အကြမ်းဖက်သူများက လက်နက်ငယ်များဖြင့် ပတ်ခတ် ထွက်ပြေးသွားခဲ့ရာ ဦးရာဇာဝင်းရွှေနှင့် စောစေးဝါးတို့ ၂ ဦးတွင် ယာပါးနှင့် ဝမ်းဗိုက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

 
အထက်ပါဖြစ်စဉ်တွင် အုပ်ချုပ်ရေးယန္တရားထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ကာ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ရည်ရွယ်ချက်ရှိရှိ ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက် သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ ထွက်ပြေးသွားခဲ့သည့် လမ်းကြောင်းအား ပိတ်ဆို့ စစ်ဆေးမှုများဆောင်ရွက်ကာ စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။