တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ မိကျောင်းလှောင်းကျေးရွာ(ရွာသစ်)အနီး ရေး-ထားဝယ် ကားလမ်း မိုင်တိုင်အမှတ်(၄၇/၇) နှင့် (၄၈) ကြား၌ မေ ၄ ရက် ညနေ ၃ နာရီခွဲခန့်တွင် ယာဉ်တိုက်မှုဖြစ်ပွား၍ တစ်ဦးသေဆုံးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကလိန်အောင်မြို့ နယ်မြေရဲစခန်း၌ ဒုတိယရဲအုပ် နေမင်းအောင်သည် တာဝန်မှူးတာဝန် ထမ်းဆောင်နေစဉ် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် သက်ဆွေလင်းနှင့် ရဲတပ်ကြပ်ဝင်းထွန်း၊ သက်သေ ဦးသိန်းဝင်း၊ ဦးမောင်မောင်တို့နှင့်အတူ သွားရောက်စစ်ဆေးရာ ရေးမှ ထားဝယ်မြို့သို့ ကလိန်အောင်မြို့ ဥယျာဉ်ခြံ အမှတ်(၂)ရပ်ကွက်နေ ယာဉ်မောင်း ဦးကျော်မြင့် ၆၂ နှစ် မောင်းနှင်လာသော Wave RSX-110 အမျိုးအစား နီ/နက်ရောင်ဆိုင်ကယ် (လိုင်စင်စိစစ်ဆဲ)နှင့် လားရာတူ မောင်းနှင်လာသော မော်လမြိုင်မြို့ ဈေးချိုမုန့်တီကုန်းရပ်ကွက်နေ ယာဉ်မောင်း စိုးသီဟ ၄၄ နှစ် မောင်းနှင်သည့် ယာဉ်အမှတ် 9I /---- KlA အမျိုးအစား မီနီဘက်အဖြူရောင် မော်တော်ယာဉ်တို့သည် လမ်း၏ဝဲဘက်ခြမ်းတွင် ဦးကျော်မြင့် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်မှာ ဥယျာဉ်ခြံထဲသို့ ကွေ့ဝင်စဉ် နောက်မှ မောင်းနှင်လာသော မီနီဘက်ယာဉ်က ဝင်ရောက်တိုက်မိ၍ ဦးကျော်မြင့်မှာ ဝဲဘက်နောက်စေ့ကွဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ယာဘက်တံတောင်ဆစ် ပွန်းခြစ်ဒဏ်ရာများရရှိပြီး သေဆုံးသွားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း စိုးသီဟအား ကလိန်အောင်မြို့ နယ်မြေရဲစခန်းက ယာဉ်(ပ)၆/၂ဝ၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-ကအရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။