ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် တမူးမြို့နှင့် ကလေးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာ များနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများပေးအပ်

နေပြည်တော်၊ ဇွန် - ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအား ဇွန် ၁၃ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့်အဖွဲ့ဝင်များက တမူးမြို့တပ်စခန်းရိပ်သာအစည်းအဝေး ခန်းမ၌ သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများနှင့် Mask များကို ထောက်ပံ့ ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်အဖွဲ့ဝင်များသည် ကလေးမြို့၊ စကားလှဓမ္မာရုံကျောင်းတိုက်၌ ကလေးမြို့နယ်အတွင်း ပါဋ္ဌိပထမပြန်စာမေးပွဲတွင် ကြီးကြပ်ရေးတာဝန်ထမ်းဆောင်လျက်ရှိသော ကလေးမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါ ကြီးဆရာတော်များ၊ သံဃာတော်များအား ဖူးမြောက်ကြည်ညိုကာ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများမှ လှူဒါန်းသည့် ဆွမ်း၊ ဆန်၊ ဆီ၊ ပဲ၊ သင်္ကန်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး စာဖြေသံဃာတော်များ စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ဖူးမြော်ကြည်ညိုသည်။

ယင်းနောက် ကလေးမြို့၊ တက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်နှင့် ဌာနအသီးသီးမှ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာထားလွင် က တက္ကသိုလ်ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးသည်။ ထို့နောက် နည်းပြသရုပ်ပြရာထူးဝင်ခွင့် စာမေးပွဲဖြေဆိုသူများအား ရင်းရင်း နှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့်အဖွဲ့ဝင်များသည် ကလေးမြို့ရှိ အထွေထွေရောဂါကုဆေးရုံသို့ သွားရောက်၍ ဆရာဝန်များ၊ သူနာပြုများအား တွေ့ဆုံအမှာစကားပြောကြားပြီး ဆေးရုံတက်လူနာများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ယင်းနောက် တပ်မတော် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ အရေးပေါ် COVID-19 ရောဂါဓာတ်ခွဲအတည်ပြု နိုင်ရေးအတွက် ဓာတ်ခွဲယာဉ်ရောက်ရှိ အသုံးပြုနေမှုများအား သွားရောက်ကြည့်ရှုပြီး COVID-19 ရောဂါအရေးပေါ် ကုသပေးမှုဆောင်ရွက်နိုင်ရန် (၂၅)ခုတင်ဆံ့တိုင်းရင်းသား ဆေးရုံတွင် ပြင်ဆင်ထားရှိမှုနှင့်စက်ပစ္စည်းများ စုဆောင်းထားရှိမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။

တမူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်ဆေးကုသရေး အဖွဲ့မှ COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် သည် စစ်ကိုင်းတိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တိုင်းစစ်ဌာနချုပ်ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ လိုအပ်သည်များ ဆွေးနွေးမှာကြားပြီး COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ ၁၀၀ စုံ၊ Face Shield ၁၀၀ ခု၊ Surgical Mask ၅၀၀ ခု၊ N-95 Mask ၁၀၀ ခု၊ Googles မျက်မှန် ၁၀၀ ခုနှင့် နှာခေါင်းစည်း Mask (အဖြူ) ၂၀၀ ခုတို့အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။