ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးမိုးအောင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နှင့်၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်
၂၀၂၂/ဇူလိုင်(၂၈)ရက်
၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် တပ်မတော်(ရေ)မှ စစ်သည်များနှင့် အရာရှိ၊ စစ်သည် မိသားစုဝင်သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်ရှိ သီဟသူရထွန်းတင်ခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် နှင့် ဇနီး၊ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်အဖွဲ့ဝင်များက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော (၆)ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင်(၁၀)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်ရှစ်ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၃၃)ဦး၊ ဂုဏ်ထူးဖြင့်အောင်မြင်သူစစ်သည်တစ်ဦးနှင့် ရိုးရိုးအောင်မြင်သူ စစ်သည်တစ်ဦးတို့ ကိုလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော (၅)ဘာသာဂုဏ်ထူးရှင်သုံးဦး၊ (၄)ဘာသာဂုဏ်ထူးရှင်ငါးဦး၊ (၃)ဘာသာဂုဏ်ထူးရှင်ခြောက်ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁၈)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၇၂)ဦး၊ ဂုဏ်ထူးဖြင့်အောင်မြင်သူ စစ်သည်သုံးဦးနှင့် ရိုးရိုးအောင်မြင်သူ စစ်သည်လေးဦးတို့ကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ချီးမြှင့်သည်။ ဆုများပေးအပ်အပြီးတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များကိုယ်စား (၅)ဘာသာဂုဏ်ထူးရှင်ကျောင်းသူတစ်ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အဖွဲ့ဝင်များသည် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ စစ်သည်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်းရရှိသည်။