ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်စီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး အောက်စီဂျင်စက်ရုံတစ်လုံး တည်ဆောက်လျက်ရှိ
နေပြည်တော် ဇူလိုင် ၂၅
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ပိုးတွေ့ လူနာများအတွက်လည်း အောက်စီဂျင်လိုအပ်ချက်များကို ပြည့်မီအောင် တပ်မတော်က ထောက်ပံ့ လှူဒါန်းပေးလျက်ရှိရာ Liquid Oxygen တန် ၅၀ ဆံ့ TANK မှ Medical Oxygen ဓာတ်ငွေ့သို့ ထုတ်လုပ်ပေးမည့် စက်ရုံတစ်ရုံကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ဇူလိုင် ၁၂ ရက်မှစတင်၍ ဆောက်လုပ်ရေးလုပ်သားအင်အား ၆၀ ဦးခန့်ဖြင့် နေ့ညအဆိုင်းခွဲပြီး ဇူလိုင်လကုန် အပြီးတည်ဆောက်နိုင်ရေး ရည်မှန်းချက်ထား တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါအောက်စီဂျင်စက်ရုံ ဆောက်လုပ်ပြီးစီးပါက တစ်နာရီလျှင် Medical Oxygen ဓာတ်ငွေ့ ၄၀ လီတာဝင် ၆၀ လုံးထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး စက်စွမ်းအားပြည့် ၈ နာရီလည်ပတ် ၍ ၄ နာရီနားစနစ်ဖြင့် တစ်နေ့ ၁၆ နာရီအတွက် Medical Oxygen ဓာတ်ငွေ့ ၄၀ လီတာဝင် ၉၆၀ လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါထွက်ရှိသည့် Medical Oxygen ဓာတ်ငွေ့များကို ဆေးရုံများနှင့် ရောဂါကုသရေးစင်တာများသို့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း နှင့် လိုအပ်သည့် Liquid Oxygen များကို ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၏ အစီအစဉ်ဖြင့် ပြည်ပမှတင်သွင်း ရယူထုတ်လုပ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ အောက်စီဂျင်စက်ရုံတည်ဆောက်နေမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ စကားသံ များကိုလည်း အခုလိုပဲ ကြားသိရပါသည်-
တန် ၅၀ ဆံ့ Liquid Oxygen စက်ရုံ တည်ဆောက်ရခြင်း အကြောင်းရင်း ကတော့ လက်ရှိ ကိုဗစ်ကာလ Oxygen လိုအပ်မှုတွေ အများအပြားရှိနေပါတယ်။ ထုတ်လုပ်ပေးနိုင်မှုနဲ့ လိုအပ်ချက်က မမျှမတဖြစ်နေတဲ့အတွက်ကြောင့် အမြန် ဆုံးဖြည့်တင်းနိုင်ဖို့အတွက် တပ်မတော်အကြီးအကဲများက စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ လုပ်ငန်းအစီအစဉ်တွေအရတော့ ၁ ရက်နေ့မှာဆိုရင် Liquid Oxygen စတင်ဖြည့်တင်းနိုင်ဖို့ ဘက်ပေါင်းစုံပေါ့ တာဝန်ရှိတဲ့သူတိုင်း Yangon Industrial Gas Co..၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲမှ တာဝန်ရှိသူတွေနဲ့ ကျွန်တော်တို့ဆေးရုံက တာဝန်ရှိတဲ့ သူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ သူ့ရဲ့ ထုတ်လုပ်နိုင်မှုစွမ်းအားအနေနဲ့ကတော့ ၈ နာရီ တစ်ဆိုင်းမှာ Oxygen Cylinder အလုံးရေ ၄၈၀ ထုတ်ပေး နိုင်ပါတယ်။ စက်ရဲ့ ရေရှည်ခံနိုင်မှုစွမ်းအားအရ တွက်ချက်ထားတာကတော့ ၈ နာရီမောင်းပြီး ၄ နာရီနားမယ်ဆိုရင် တစ်နေ့ကို နှစ်ဆိုင်းအလုံးရေ ၉၆၀ Cylinder ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဖြန့်ဖြူးတဲ့ စနစ်ကတော့ နှစ်ပိုင်းရှိပါတယ်။ ပြင်ပကနေပြီး Oxygen လာရောက်ဖြည့်တင်းတဲ့ Cylinder တွေကို ဖြည့်နိုင်ဖို့အတွက်Hight Pressure Oxygen လိုင်းနှင့် နောက်တစ်ခါ ဆေးရုံအတွင်းမှာ အသုံးပြုဖို့အတွက် Low Pressure Oxygen လိုင်းနှစ်လိုင်း ဆောင်ရွက်ဖို့ရှိပါတယ်။
ပြင်ပမှာရှိတဲ့ Cylinder တွေ လာရောက်ဖြည့်တင်းဖို့အတွက် Oxygen စက်ရုံကို တစ်ပါတည်း တည်ဆောက်လျက်ရှိပါတယ်။ Liquid Oxygen ရဲ့ အခန်းကဏ္ဍကို ပြောရမယ်ဆိုရင်တော့ နှစ်ပိုင်းခွဲပြီး ပြောရမှာဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်ကာလ Oxygen လိုအပ်မှုအခက်အခဲနဲ့ သာမန်ချိန်ပေါ့။ လက်ရှိ ကိုဗစ်ကာလမှာဆိုရင် ကျွန်တော်တို့ တပ်မတော်ဆေးရုံမှာရှိတဲ့ စောင့်ကြည့်ရေးစင်တာတွေ၊ ကိုဗစ်ကုသရေးဆေးရုံတွေမှာဆိုရင် Oxygen လိုအပ်ချက်က တော်တော်များပါတယ်။ လိုအပ်ချက်ကို မြန်မာစီးပွားရေးကော်ပိုရေးရှင်း အောက်မှာရှိတဲ့ မင်းဓမ္မ Oxygen စက်ရုံ၊ ရွာမ(သံမဏိ)စက်ရုံ၊ မြောင်းတကာသံမဏိ စက်ရုံတို့မှ ရယူလျက်ရှိပါတယ်။ သြဂုတ်လ ၁ ရက်နေ့နောက်ပိုင်း ဒီစက်ရုံပြီးသွားမယ် ဆိုရင်တော့ တစ်နေ့ထုတ်လုပ်မှုစွမ်းအား Cylinder ပေါင်း ၉၆၀ နဲ့ဆိုရင်တော့ ကျွန်တော်တို့ လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းလောက်ကိုတော့ဖြည့်ဆည်းပေးနိုင်မှာဖြစ်တဲ့အတွက်ကြောင့် မို့လို့ တစ်ဖက်မှာလည်း တပ်မတော်က ဖွင့်လှစ်ထားတဲ့ ဆေးရုံတွေ၊ စောင့်ကြည့်ရေး စင်တာတွေ၊ ကိုဗစ်ကုသရေးစင်တာတွေအတွက် Oxygen လိုအပ်ချက်ပြည့်မီနိုင်မှာ ဖြစ်သလို MEC စက်ရုံတွေအနေနဲ့လည်း တစ်ဖက်တစ်လမ်းက ဝန်ထုပ်ဝန်ပိုး လျော့ကျသွားမှာဖြစ်ပါတယ်။ သာမန်ချိန်မှာ ကြည့်မယ်ဆိုရင် Liquid Oxygen ရဲ့ အားသာချက်အနေနဲ့ကတော့ Medical Grip ဖြစ်တဲ့အတွက် ၉၉ ဒသမ ၉ ရာခိုင်နှုန်းဖြစ်ပါတယ်။ လူနာတွေအတွက် အများကြီး အကျိုးရှိပါတယ်။
Liquid Oxygen ရဲ့ အားနည်းချက်တစ်ခုကတော့ Purity ကောင်းတယ်။ ပိုက်လိုင်းစနစ်ဖြစ်တဲ့အတွက် လုပ်အားသုံးစွဲမှုနည်းတယ်။ သို့သော် သူ့ရဲ့အခက်အခဲတစ်ခုကတော့ အရည်ပြတ်တောက်တာဖြစ်ပါတယ်။ ၁ ရက်နေ့အတွက်ကတော့ တရုတ်နိုင်ငံကနေ Oxygen ကားတွေ တစ်စီးကို တန် ၂၀ ၊ ကျွန်တော်တို့က တန် ၅၀ ဖြစ်တဲ့အတွက်ကြောင့် နှစ်ကြိမ်လောက်ဖြည့်တင်းပြီးမှ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးက တာဝန်ရှိသူတွေက သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဆက်စပ်ပြီး ၁ ရက်နေ့အမီ Oxygen ဖြည့်တင်းနိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ Oxygen Cylinder ကြီးကတော့ ဆေးရုံတွေထဲမှာတော့ အကြီးဆုံးဖြစ်ပါတယ်။ တန် ၅၀ ဖြစ်ပါတယ်။ ရေရှည်အတွက်ခံနိုင်အောင် တစ်နေ့ကို နှစ်ဆိုင်းနဲ့ တစ်နေ့ကို Cylinder ၉၆၀ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အကြမ်းဖျင်းတွက်ကြည့်ပါက ၅ တန်ကျော်ကျော်ဖြစ်ပါတယ်။ တစ်နေ့ တစ်နေ့ ၅ တန်ကျော်သုံးစွဲသွားမှာဖြစ်တဲ့ အတွက်ကြောင့် တစ်ပတ်တစ်ခါ လိုအပ်တာလေးတွေဖြည့်ပြီး သုံးစွဲသွားမှာ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ် တစ်နေ့ကို အလုံး ၉၆၀ ထုတ်လုပ်ပါမယ်။ လိုအပ်တဲ့ ဆေးရုံဆေးခန်း၊ ကိုဗစ်ကုသရေးစင်တာတွေကို ဖြန့်ဖြူးပေးနိုင်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ် ဟု တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ညွှန်ကြားချက်နဲ့အညီ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ အောက်ဆီဂျင်တပ်ဆင်ခြင်းကို တည်ဆောက်ဖို့အတွက် ညွှန်ကြားတဲ့အတွက် ကျွန်တော်တို့ ဇူလိုင်လ ၁၂ ရက်နေ့မှာ စတင်တည်ဆောက်ပြီးတော့ ဇူလိုင်လကုန်မှာ ပြီးစီးဖို့အတွက် လျာထားဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဇူလိုင်လ ၁၂ ရက်ကနေပြီးတော့ လုပ်သားအင်အား ၆၀ ဦးခန့်ဖြင့် နေ့မအားညမနား နေ့ဆိုင်းညဆိုင်းခွဲပြီး အချိန်မီပြီးစီးဖို့အတွက်ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးအနေနဲ့ ညွှန်ကြားချက်နဲ့အညီGas Station ကြီးကို အလျား ပေ ၃၀၊ အနံ ပေ ၃၀ Tank Station Foundation ကြီးကို တည်ဆောက်ခဲ့ပါတယ်။Filling Station အတွက်ကိုတော့ အလျား ပေ ၆၀၊ အနံ ပေ ၄၀ Filling Station ကို တည်ဆောက်ခဲ့ပါတယ်။ တည်ဆောက်တဲ့အခါမှာတော့ အောက်ဆီဂျင်Tank Station Founda-tion ကို သတ်မှတ်ရက်ထက်စောပြီးတော့ အသုံးပြုနိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ High RC ကွန်ကရစ်ကို အသုံးပြုခဲ့ပါတယ်။ အောက်ဆီဂျင်ထုတ်လုပ်မှုအနေနဲ့ Liquid Oxygen များကို Oxygen Tank Stationထဲ ထည့်ပြီးတော့ Oxygen Tank Station ကနေ Oxygen Gas တွေကို ထုတ်လုပ်ဖို့ဖြစ်ပါတယ်။ ဝင်ဆံ့မှုအနေနဲ့ Tank Station အနေနဲ့ ၅၀ တန်ရှိပါတယ်။ ဝင်ဆံ့မှုအနေနဲ့ Gas Oxygen သုံးသိန်းလီတာ၊ ၄၀ လီတာ အိုး ၇၅၀၀ အိုးရှိပါတယ်။ တစ်နာရီထုတ်လုပ်နိုင်မှုအနေနဲ့ ၄၀ လီတာ အိုး ၆၀ ထုတ်လုပ်နိုင်ပါတယ်။ ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပေါ်နေတဲ့အချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း ဥထပါနည လိုအပ်ချက်များပြားလျက်ရှိပါတယ်။
Oxygen လိုအပ်ချက် များပြားနေတဲ့အချိန်မှာ ကျွန်တော်တို့ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးလက်အောက်ခံ တပ်မတော်သားတစ်ဦးအနေနဲ့ ဒီလိုမျိုး Oxygen သန့်စင်အိုးကြီး တည်ဆောက်ပေးရတဲ့အတွက်ကြောင့် များစွာဂုဏ်ယူရပါတယ်။ Oxygen တွေအမြန်ဆုံးထွက်ရှိအောင် ကျွန်တော်တို့ အနေနဲ့လည်း နေ့မအားညမနားကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ်ပါ တယ် ဟု ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ)တပ်မှူး ဗိုလ်မှူးမျိုးမြင့်အောင်က ပြောသည်။