နေပြည်တော် ဇူလိုင် ၁၆
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် “ကန့်သတ်စောင့်ကြည့် ရမည့်သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တပ်ရင်း^တပ်ဖွဲ့အသီးသီး၌ ပြင်ဆင်ဆောင်ရွက်ထား ရှိရမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြော ရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များ ကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုသို့ပြင်ဆင်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ည ၇ နာရီအချိန်ထိ နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ အမျိုးသား ၁၁၀ ဦးနှင့် အမျိုးသမီး ၇၇ ဦး စုစုပေါင်း ၁၈၇ ဦးအားလည်းကောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၂၃ ဦးအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်စစ်ကြောရေး နှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၄၇၆ ဦးနှင့် အမျိုးသမီး ၂၈၇ ဦး စုစုပေါင်း ၇၆၃ ဦးအားလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာအမျိုးသား ၁၈၅ ဦးနှင့် အမျိုးသမီး ၈၂ ဦး စုစုပေါင်း ၂၆၇ ဦးအားလည်းကောင်း အသီးသီး လက်ခံထားရှိကြောင်း သိရှိရသည်။
အထက်ပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ရှိသူများနှင့် လူနာများ၏ စကားသံများကို ယခုလိုပဲ ကြားသိရပါသည်-
“တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်း ကိုဗစ်ကုသရေးစင်တာမှာ လူနာ ၃၀၀ စာ ခုတင်ပြင်ဆင်ထားပါတယ်။ လက်ရှိကုသနေမှု ကတော့ အမျိုးသမီး ၁၀၀ ဦး၊ အမျိုးသား ၁၈၂ ဦးစုစုပေါင်း ၂၈၂ ဦးကုသပေးနေပါတယ်။ လူနာများကို နေ့စဉ် တစ်နေ့ နှစ်ကြိမ် လှည့်ပတ်ကြည့်ရှု စစ်ဆေးပါတယ်။ ရောဂါအခြေအနေဆိုးဝါးလာတာ တစ်ခုခုဖြစ်ပါက ဆက်သွယ်လို့ရအောင် ကျွန်တော်တို့ရဲ့ ဖုန်းနံပါတ်တွေကို အိပ်ဆောင်တွေမှာ ကပ်ပေးထားပါတယ်။ အရေးပေါ်ကုသမှုအတွက် ကျွန်တော်တို့ ကိုဗစ်ကုသရေးစင်တာမှာ အောက်ဆီဂျင်အိုး အလုံး ၃၀၊ လျှပ်စစ်နဲ့သုံးရတဲ့ Oxygen Concentrator ခြောက်လုံး အရန်သင့်ရှိပါတယ်။ အရေးပေါ် ကုသမှုလိုလာပြီဆိုလျှင် ကျွန်တော်တို့က လိုအပ်တဲ့ကုသမှုများပေးပြီးတော့ အင်းတိုင်မှာရှိတဲ့ ခုတင် ၁၀၀ ကုသရေးဌာနကို ကျွန်တော်တို့လွှဲပြောင်းပေးပါတယ်။ အပြင်မှာ ကိုဗစ်ဖြစ်တဲ့သူတွေအနေနဲ့ ဆေးများကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲနဲ့ မသောက်ဖို့ပြောလိုပါတယ်။ စီဗစ်တွေ အလွန်အကျွံသောက်တယ်။ Vitamin D တွေ အလွန်အကျွံသောက်ကြတယ်။ အခြားဆေးဝါး ပိုးသတ်ဆေးတွေကိုလည်း ဆရာဝန်ညွှန်ကြားချက်မရှိဘဲ သောက်ကြတယ်လို့ ကြားသိရပါတယ်။ Vitamin C ကတော့ တစ်နေ့ကို ၅၀၀ မီလီဂရမ်လောက်သောက်ရင် လုံလောက်ပါတယ်။ တချို့ဆို အလွန်အကျွံသောက်ပြီးတော့ ဝမ်းပျက်ဝမ်း လျှောဖြစ်တာ တွေလည်းတွေ့ရပါတယ်။ လိုတာထက် ပိုမသောက်ဖို့ပြောလိုပါတယ်။ ကိုဗစ်စည်းကမ်းများကို လူတိုင်းစနစ်တကျ လိုက်နာပေးဖို့၊ Mask သေချာတပ်ဖို့၊ လက်သေချာဆေးဖို့၊ ခပ်ခွာခွာနေဖို့အကြံပြုပါတယ်” ဟု ဗိုလ်ကြီးနေလင်းဦး(ဆေးမှူး)ကပြောသည်။
“ကျွန်မ အခုလက်ရှိရောက်နေတာကတော့ တပ်မတော်ဗိုလ်ရွေးတပ်ကိုရောက် နေတာပါ။ ဘယ်လိုရောက်နေလဲဆိုတော့ အလုပ်မှာ ဖျားနေတဲ့သူတွေကို စစ်တဲ့အချိန်မှာ Positive ဖြစ်လို့ဆိုပြီး ကျွန်မတို့လည်း Contact အနေနဲ့ ရောက်လာတာကနေ ကိုယ်ပါဖြစ်သွားတယ်ပေါ့။ စားရေးသောက်ရေးကတော့ အရမ်းအဆင်ပြေပါတယ်။ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အဆင်ပြေနိုင်တယ်ပေါ့။ ငွေရေးကြေးရေး အဆင်မပြေတဲ့လူလည်းပူစရာမလိုပါဘူး။ စားဖို့သောက်ဖို့ အိပ်ဖို့ကစ အကုန်လုံး အဆင်ပြေပါတယ်။ဒီမှာက အသက်ရှူတာက လေကောင်းလေသန့်ရတယ်။ အကုန်လုံးအဆင်ပြေတဲ့အတွက် အရမ်းလည်းကျေးဇူးတင်ပါတယ်။ အရေးပေါ် အခြေအနေရောက်လာခဲ့ပြီး ဆေးခန်းပြချိန် သတ်မှတ်ထားသော်လည်း ၂၄ နာရီဖုန်းနံပါတ်တွေ ပေးထားတယ်။ ၂၄ နာရီ ဆက်သွယ်လို့ရတယ်။ ဆေးဗိုလ်ကြီးတွေ၊ ဆေးဗိုလ်မှူးတွေကလည်း သေချာဂရုစိုက်ပေးပါတယ်။ အချိန်မရွေးဆက်သွယ်လို့ ရပါတယ်” ဟု လူနာတစ်ဦးက ပြောသည်။
(၁၀၀)