ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

 
နေပြည်တော်၊ ဩဂုတ် - ၁၄

 
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

 
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများ သည် တိုက်ကြီးမြို့နယ်၊ ရင်းတိုက်ကွင်းကျေးရွာအုပ်စုရှိ အဆင့်မြင့်လယ်ယာအထွက် တိုးစပါးစိုက်ခင်းနှင့် ဉတိုစိုက်ပျိုးမွေးမြူရေးစခန်းရှိ ကြက်မွေးမြူရေးခြံတို့အားလည်း ကောင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာရှိ အသားစားနွားမွေးမြူရေးခြံများနှင့် မှော်ဘီမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် ရေတွန်းစက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင့်တို့အားလည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင် ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 
ထို့ပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်အတွင်းရောင်းချရန်အခက် အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ စိုက်ခင်းများမှသီးနှံများအား နယ်မြေခံတပ်မတော်သား များက ဝယ်ယူပေးလျက်ရှိရာ ဩဂုတ် ၁၃ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ယာပြင်ကျေးရွာနှင့် လားရှိုးမြို့၊ အမှတ်(၁၀)ရပ်ကွက် တို့ရှိ ဒေသခံပြည်သူများ၏ စိုက်ခင်းများမှ ဟင်းသီးဟင်းရွက်များနှင့် သီးနှံများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ဝယ်ယူအားပေးခဲ့ပြီး အဆိုပါဝယ်ယူခဲ့သည့် သီးနှံများအား လားရှိုးမြို့နှင့် လောက်ကိုင်မြို့တို့ရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစု ဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။