ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် ၁၀ နှစ်အထက် အမျိုးသမီးငယ်များနှင့် အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေးငယ်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံ/ တိုက်ကျွေး

ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် ၁၀ နှစ်အထက် အမျိုးသမီးငယ်များနှင့် အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေးငယ်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံ/ တိုက်ကျွေး

နေပြည်တော်၊ ဇွန် - ၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များရှိ အသက် ၂ လ မှ ၁ နှစ်ခွဲအထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်ဝန် ဆောင်မိခင်များကို မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက် ၁၀ နှစ်အထက် အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်း ကို ယနေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၊ နယ်မြေခံတပ်ရင်း ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုအားပေးကြသည်။
စစ်တွေမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် နယ်မြေခံဆေးတပ်ရင်းမှ တပ်မတော်ဆေးအဖွဲ့တို့ ပူးပေါင်း၍ အသက် ၂ လမှ ၁ နှစ်ခွဲအထိ ကလေးငယ် ၄၁ ဦးကို ပြင်းထန်းဝမ်းပျက်/ဝမ်းလျှောရောဂါ၊ ပိုလီလို ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဝက်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး များ၊ ကိုယ်ဝန်ဆောင်မိခင် ၁၅ ဦးကို မေးခိုင်ကာကွယ်ဆေးနှင့် အသက် ၁၀ နှစ် အထက် အမျိုးသမီးငယ် ၃၀ ဦးကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ကို ထိုးနှံပေးကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကလေးငယ်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား အားဆေးဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။