ကောင်းမွန်သောဆက်ဆံရေးကို လိုလားသည်

မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံဆက်ဆံလျက်ရှိရာတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်နှင့်ဆက်ဆံလျက်ရှိသည်။ သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမရှိသလို မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်မှုမျိုးကိုလည်း လုံးဝလက်မခံပါ။ ချစ်ကြည်ရင်းနှီးမှုဖြင့် မြန်မာနိုင်ငံအေးချမ်းသာယာတည်ငြိမ် ဖွံ့ဖြိုးတိုးတက်စေမည့်အကြံဉာဏ်၊ အကူအညီမျိုးကိုကြိုဆိုလျက်ရှိပါသည်။ အရှေ့ တောင်အာရှနိုင်ငံများအသင်း အာဆီယံသို့ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဝင်ရောက်ခဲ့သည်။ အာဆီယံဆိုင်ရာကိစ္စရပ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည်။

၂၀၂၁ ခုနှစ် သြဂုတ်လ ပထမပတ်မှစတင်၍ အာဆီယံနှင့် ဆက်စပ်နိုင်ငံများ အစည်းအဝေးကျင်းပလျက်ရှိသည်။ သြဂုတ်လ ၃ ရက်နေ့နံနက် ၈ နာရီတွင် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား သီးခြားစီကျင်းပပြုလုပ်သည့် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် (၂၂) ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပသည်။ အာဆီယံ-ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-တရုတ်နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-ဂျပန်နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးများကို သီးခြားစီကျင်းပသည်။ ဆက်လက်၍ (၂၂) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပသည်။ ထိုအစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင် လွင်တက်ရောက်ခဲ့သည်။

သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဒုတိယအကြိမ်မြောက် မဲခေါင်-အမေရိကန်မိတ်ဖက် ပြုပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဝန်ကြီးများအစည်းအဝေးကျင်းပသည်။ သြဂုတ်လ ၄ ရက်နေ့တွင် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား သီးခြားစီ ကျင်းပ သည့် နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများနှင့် (၁၁) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကျင်းပသည်။ အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ခန့်အပ်ရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-ရုရှားနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး များသို့ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) H.E.Dato Erywan PehinYusof အားခန့်အပ်ခြင်းကို သဘောတူ ကြောင်းသြဂုတ်လ ၄ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေးတွင် ဆွေးနွေး အတည်ပြုခဲ့သည်။

သြဂုတ်လ ၅ ရက်တွင် အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-နယူးဇီလန်နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးများ ကျင်းပခဲ့သည်။ အစည်းအဝေးတိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပါဝင်ဆွေးနွေးခဲ့သည်။ သြဂုတ်လ ၅ ရက်ညနေ ၃ နာရီတွင် ကျင်းပသည့် ဗြိတိန်နိုင်ငံကို အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံအဖြစ်လက်ခံကြောင်း ကြိုဆိုသည့်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ထို့ပြင်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် သြဂုတ်လ ၅ ရက်မွန်းလွဲပိုင်းတွင် ကျင်းပသည့် “မဲခေါင်မြစ်မိတ်ဆွေနိုင်ငံများပူးပေါင်းဆောင်ရွက်မှုအစီအစဉ်” ၏ ပထမအကြိမ် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။

သြဂုတ်လ ၆ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် (၁၄) ကြိမ်မြောက် မဲခေါင်-ဂျပန်ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ အနေဖြင့်အာဆီယံ အဖွဲ့အစည်းတွင် ပါဝင်လျက်ရှိပြီးကမ္ဘာ့နိုင်ငံများစွာနှင့်တရားဝင်အစည်းအဝေးများပြုလုပ်လျက်ရှိနေကြောင်းကို ဤအစည်းအဝေးပွဲများက သက်သေပြုလျက်ရှိသည်။ ဆိုလိုသည်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အိမ်စောင့်အစိုးရ၏ နိုင်ငံတကာဆက်ဆံရေးကောင်းမွန်မှု၊ အပြန်အလှန်လေးစားမှုတို့ကို ဤအစည်းအဝေးများတွင် ထင်ရှားစွာတွေ့မြင်နိုင်သည်။

သို့သော် သြဂုတ်လ ၆ ရက်နေ့တွင် ကျင်းပခဲ့သည့် အာဆီယံ-အီးယူနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတွင်မူ မြန်မာနိုင်ငံအတွက် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကြုံရသည်။ မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ်ခန့်အပ်ခြင်းနှင့်စပ်လျဉ်း၍ အီးယူပြောရေး ဆိုခွင့်ရှိသူ၏ ကြေညာချက်တွင် ဖော်ပြထားသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများကို ဖော်ပြခြင်းအပါအဝင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က  ၂၀၂၁ ခုနှစ် မေ ၈ ရက်က အကြမ်းဖက်အုပ်စုအဖြစ်ကြေညာခဲ့ပြီးဖြစ်သည့် CRPH၊ NUG နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန်ပြောကြားမှုများကို လက်မခံကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆွေးနွေးခဲ့သည်။ ဖြစ်သင့်သည်မှာ မြန်မာနိုင်ငံအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို အောင်မြင်စွာ ဖော်ဆောင်ရန်နှင့် မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ဖော်ဆောင်နိုင်ရန် အီးယူမှ မြန်မာနိုင်ငံကို ပံ့ပိုးသင့်သော်လည်း အကြမ်းဖက် အဖွဲ့အစည်းကို လူရာသွင်းလာခြင်းမျိုးကိုမူ ပြည်သူတစ်ရပ်လုံးက လုံးဝလက်မခံကြောင်း ရေးသားလိုက်ရပေသည်။ ။