ကောလင်းဒေသ၌ ငှက်ပျောအထွက်နှုန်း ကောင်းမွန်သော်လည်း ဈေးနှုန်းကျဆင်း

ကောလင်းဒေသ၌ ငှက်ပျောအထွက်နှုန်း ကောင်းမွန်သော်လည်း ဈေးနှုန်းကျဆင်း

စစ်ကိုင်းတိုင်းဒေသကြီး   ကောလင်းမြို့နယ် ဝါးသီးကုန်းကျေးရွာ၌ ငှက်ပျော အထွက်နှုန်း ကောင်းမွန်သော်လည်း လက်ရှိတွင် ဈေးနှုန်းကျဆင်းလျက် ရှိကြောင်း သိရသည်။

''ဝါးသီးကုန်းကျေးရွာမှာ ငှက်ပျောစိုက် ဧက ၁ဝဝ ကျော်ရှိပါတယ်။ ဖီးကြမ်း၊ ငှက် ပြာ ငှက်ပျောပင်ကို ရှစ်ဧကကျော်စိုက်ပျိုး ထားပါတယ်။  တစ်ရက်ကို  ငှက်ပျောဖီး ၆၅ဝ ကျော်ထွက်ရှိပြီး ကောလင်းမြို့ပေါ် ကတစ်ဆင့်   ပြန်လည်ရောင်းချသူတွေထံ ပို့ပေးရပါတယ်။  အရင်က  ငှက်ပျောဖီး တစ်ဖီးကို အကြီးအသေးရောရာ ငွေကျပ်  ၇၅ဝ  ရရှိပေမယ့် အခု ငွေကျပ် ၅ဝဝ  ပဲ ရရှိတဲ့အတွက် အထွက်နှုန်းကောင်းမွန်ပြီး ဈေးနှုန်း ကျဆင်းနေပါတယ်'' ဟု ဝါးသီး ကုန်းကျေးရွာမှ ငှက်ပျောစိုက်ပျိုးသူတစ်ဦး ကပြောသည်။

ငှက်ပျောပင်စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင်  ၁ဝ ပေခြားစိုက်ပျိုးရပြီး  ငှက် ပျောစိုက်မည့် ကျင်းထဲသို့ နွားချေးမြေဆွေး ထည့်ကာ စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ကြောင်း သိရသည်။ စိုက်ပျိုးပြီး တစ်နှစ်ကျော်လျှင်   ငှက်ပျောခိုင် များ ခုတ်ယူနိုင်ပြီး  ငှက်ပျောတစ်ရုံလျှင် ငှက်ပျောခိုင် ရှစ်ခိုင်အထိ ထွက်ရှိကြောင်း သိရသည်။

''ကျွန်မက   ငှက်ပျောဖီး တစ်ဆင့်ပြန် လည် ရောင်းချသူပါ။ ကိုဗစ်-၁၉ ရောဂါ မဖြစ်ခင်က  ရောင်းအားကောင်းမွန်ပါတယ်။ အခု ဈေးဝယ်သူနည်းပါးတဲ့ အတွက် အရင်ကလောက်  ရောင်းမကောင်းတာကြောင့် ငှက်ပျောဖီး များများမယူဖြစ်ပါဘူး'' ဟု  ကောလင်းမြို့၌  ငှက်ပျောရောင်းချ သူတစ်ဦးကပြောသည်။