တပ်မတော်သည် နိုင်ငံတော်တွင် တပ်မတော်တစ်ရပ်အဖြစ်ပေါ်ပေါက်လာခဲ့သည်မှ ယနေ့တိုင် ပြည်သူလူထု၏ ကောင်းကျိုး စီးပွားအတွက် ဦးဆွေးဆံမြည့်အမှုထမ်းလျက်ရှိသည်။ အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်သည့်အပြင် အမျိုးသားရေးကို ထိခိုက်လာလျှင်လည်း ဘယ်တော့မှ မကြောက်တတ်သည်မှာတပ်မတော်သာဖြစ်သည်။ စစ်မြေပြင်တွင် လက်နက်ကိုင်တိုက်ခိုက်ရ မည်ဆိုလျှင် ကြံ့ခိုင်သည့်စိတ်ဓာတ်၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓာတ်၊ ကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့် စိတ်ဓာတ်၊ တပ်မတော်ဂုဏ်ကို အသက်စွန့်ပြီး မြှင့်လိုသည့်စိတ်ဓာတ်၊ အချင်းချင်းရိုင်းပင်းကူညီလိုသည့်စိတ်ဓာတ်၊ ရဲဘော်ရဲဘက် စိတ်တို့ဖြင့် ရန်သူကို အနိုင်တိုက်ယူလေ့ရှိပါသည်။
ယခုအခါ မြန်မာနိုင်ငံသို့ မဖိတ်ခေါ်ဘဲရောက်လာသောရန်သူသည် လူသားတို့၏ အသက်များဆုံးရှုံးသည်အထိရန်ပြုနေပါသည်။ စစ်မြေပြင်တွင် လက်နက်ကိုင်ရန်သူကို ထင်ထင်ရှားရှားမြင်တွေ့နိုင်သော်လည်း ယခုရောက်လာသည့်ရန်သူမှာ သာမန်မျက်စိဖြင့် မမြင်မတွေ့နိုင်သောရန်သူဖြစ်နေသည်။ မြင်ရသောရန်သူ၊ မမြင်ရသောရန်သူ မည်သည့်ရန်သူဖြစ်ပါစေ မြန်မာနိုင်ငံတွင် တပ်မတော် ရှိနေသရွေ့ထိုရန်အပေါင်းကိုကင်းဝေးအောင်ကာကွယ်နိုင်ပါသည်။ ကာကွယ်နေမည်သာဖြစ်ပါသည်။ တပ်မတော်သားဆိုသည်မှာ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ ဟူသော သစ္စာစကားအတိုင်း ဆောင်ရွက်နေသူများဖြစ်သည်။
ကျန်းမာရေးစစ်မြေပြင်ဟူသောအသုံးအနှုန်းကို သုံးလိုက်သည်မှာ အမှန်တကယ်ပင်လူနာအသက်ကိုကယ်တင်ရင်း မိမိအသက်ပါ စွန့်လွှတ်နိုင်သော အခြေအနေမျိုးမို့ သုံးစွဲခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကုသရေးဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှုကြောင့် ထပ်မံဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (ဖောင်ကြီး) တွင်တပ်မတော်မှပါဝင်ကူညီဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ အဖွဲ့ကသွားရောက်တာဝန်ထမ်းဆောင်လျက်ရှိသည်။
အဆိုပါလှည်းကူးမြို့နယ် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် (၁၉) ကြိမ်မြောက်အဖြစ် တာဝန်ထမ်းဆောင် လျက်ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်နှင့် တာဝန်လဲလှယ်ထမ်းဆောင်ရန် အကြိမ် (၂၀)မြောက် သွားရောက် တာဝန်ထမ်းဆောင် မည့်ဆေးတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ်ရှိ Theater ခန်းမ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအမှာစကားပြောကြားပြီး ဂုဏ်ပြုလက်ဆောင် များပေးအပ်ခဲ့သည်။
အဆိုပါ အကြိမ် (၂၀) မြောက်တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့တွင် ဆေးကုသမှုပါရဂူ ငါးဦး၊စိတ်ကျန်းမာရေးပါရဂူ တစ်ဦး၊ မေ့ဆေးပါရဂူ ငါးဦး၊ ဓာတ်မှန်ပါရဂူ နှစ်ဦး၊ ဆေးမှူးဆရာဝန် ခုနစ်ဦး၊သူနာပြုအရာရှိ ၁၂ ဦး၊ အထက်တန်းသူနာပြု နှစ်ဦး၊ သူနာပြုကျွမ်းကျင် နှစ်ဦး၊ ဓာတ်ခွဲကျွမ်းကျင် နှစ်ဦး၊ဓာတ်မှန်ကျွမ်းကျင် နှစ်ဦး စုစုပေါင်း ၄၀ ဦးပါဝင်သည်။ အဆိုပါကိုဗစ်-၁၉ ရောဂါကုသရေးဌာနတွင် တပ်မတော်သားများတာဝန်ထမ်းဆောင်မှုမှာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၉ ရက်မှ စတင်ခြင်းဖြစ်သည်။
စစ်မြေပြင်တွင် တိုက်ပွဲဝင်ကြရာ၌ မိမိဘက်ကအကျအဆုံးမရှိဘဲ ရန်သူအပေါ်အောင်နိုင်ရေးဖြစ်သည်။ ကျန်းမာရေးစစ်မြေပြင်တွင် ထမ်းဆောင်နေသူများမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်ပေသည်။ ရောဂါနှင့် စစ်ခင်းနေကြသူများ အသေအပျောက်မရှိရေး အစွမ်းကုန်ကြိုးစားနေသူများဖြစ်ပြီး အဆိုပါတပ်မတော်သားများမှာ လှည်းကူးမြို့နယ် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(ဖောင်ကြီး) တွင် တာဝန်ထမ်းဆောင်ရန် ကိုယ်တိုင်ဆန္ဒပြုကြသူများလည်း ဖြစ်သည်။ ထို့ကြောင့်လည်း ကျန်းမာရေးစစ်မြေပြင်မှ သူရဲကောင်းများဟု ခေါ်ဆိုထိုက်သည်။ လူသားများမှာသာမန်အချိန်တွင် မသိသာလှသော်လည်း အနာရောဂါဖိစီးနှိပ်စက်၍ စိုးရိမ်ဖွယ်ရှိသော အခြေအနေမှ ကယ်တင်ပေးသူတိုင်းကို ကျေးဇူးတင်မဆုံးရှိကြသည်။
တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍမြင့်မားရေးကို အစွမ်းကုန်ဆောင်ရွက်ပေးလျက်ရှိပါသည်။ တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူလူထု၏ အရေးပေါ်ကျန်းမာရေးဆိုင်ရာ ကုသမှုများဆောင်ရွက်ပေးနိုင်ရန် တပ်မတော် ဆေးရုံများနှင့်ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုကို နေ့ညမပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှသြဂုတ် ၉ ရက်အထိ ပြင်ပလူနာပေါင်း ၂၇၈၅၈၇ ဦးနှင့်အတွင်းလူနာပေါင်း ၈၁၆၄၈ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။ ခွဲစိတ်ကုသမှုပေးရန်လိုအပ်သူ ၁၉၉၂၉ ဦးတို့ကို ခွဲစိတ်ပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာလူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ကလေးမွေးဖွားပေးမှုအနေဖြင့် ကလေးငယ် ၁၆၀၉၀ ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့သည်။ သို့ဖြစ်ပေရာ ကျန်းမာရေး စစ်မြေပြင်မှသူရဲကောင်းများလည်း ကျန်းမာချမ်းသာကြပါစေ၊ ပြည်သူလူထု တစ်ရပ်လုံးလည်း ကျန်းမာချမ်းသာကြပါစေကြောင်း မြဝတီကဆုမွန်တောင်းလိုက်ရပေသည်။ ။