ကျန်းမာရေးစောင့်ရှောက်မှုတွင် ပြည်သူများပူးပေါင်းပါဝင်ကြရန်
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရောက်ရှိနေပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရေးလည်း ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မိတ်ဆွေနိုင်ငံများနှင့် ချိတ်ဆက်၍ အမြန်ရရှိရေးဝယ်ယူရန် ဆောင်ရွက်နေသည့်အပြင် ကာကွယ်ဆေး သန်းနှင့်ချီ၍ အခမဲ့ကူညီမှုများလည်းရရှိခဲ့သည်။ ရောဂါပိုး ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးခြင်း၊ ပိုးတွေ့စင်တာ၊ ကုသရေးစင်တာ၊ ဆေးရုံများ ပြင်ဆင်ဆောက်လုပ်ခြင်းများအပြင် လိုအပ်သော အောက်ဆီဂျင်နှင့် ဆေးပစ္စည်းများရရှိရေးကိုလည်း အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိသည်။ အစိုးရရုံးပိတ်ရက်ရှည်များ သတ်မှတ်၍ ရောဂါပိုး အဆက်ဖြတ်မှုကို အားကောင်းစေရန်စီစဉ်လျက်ရှိသည်။
တပ်မတော်အနေဖြင့် ကာကွယ်ဆေးထိုးခြင်း၊ ကုသခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ပို့ဆောင်ပေးခြင်း စသည်တို့ကို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ စေတနာရှင်ပြည်သူများကလည်း လူနာသယ်ယူရေး၊ ပိုးတွေ့စင်တာများ၌ လူနာ စောင့်ရှောက်ရေး၊ အောက်ဆီဂျင်ရရှိရေးမှစ၍ နောက်ဆုံးကွယ်လွန်သူများ၏ နောက်ဆုံး ခရီးကို လွယ်ကူစွာဆောင်ရွက်ပေးလျက်ရှိသည်။ စိန်ခေါ်မှုအမျိုးမျိုး၊ အခက်အခဲ အမျိုးမျိုးတို့ကြောင့် ကိုဗစ်-၁၉ တတိယလှိုင်း ရုတ်တရက်ရောက်လာချိန်တွင် အဆင်မပြေမှု ရှိခဲ့သော်လည်း ယခုအခါလုပ်ငန်းလည်ပတ်မှု အရှိန်ရလာသည့်အတွက် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဟုဆိုနိုင်သည်။
မြန်မာနိုင်ငံတွင် အိန္ဒိယမှကာကွယ်ဆေးဖြင့် ဆေးထိုးရန်လိုအပ်မည့် (Targeted) လူဦးရေ၏ ၆ ရာခိုင်နှုန်းကျော်ထိုးနှံခဲ့ပြီးဖြစ်သည်။ ယခုအခါ တရုတ်နိုင်ငံမှ ကာကွယ်ဆေး သုံးသန်းရောက်ရှိခဲ့ပြီး နောက်ထပ်တစ်သန်းကို မကြာမီ ရောက်လာတော့မည်ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကာကွယ်ဆေးနှစ်သန်း ဝယ်ယူရေးစာချုပ်ချုပ်ရန် ဆောင်ရွက် လျက်ရှိပြီး အခြားသော ကာကွယ်ဆေးထုတ်လုပ်သော နိုင်ငံတကာကုမ္ပဏီများနှင့်လည်း ဆက်သွယ်ဝယ်ယူရန် စီစဉ်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နေ့စဉ် လူတစ်သိန်းခွဲခန့် ထိုးပေးလျက်ရှိနေပြီး သြဂုတ် ၁ ရက်အထိ လူလေးသိန်းခွဲ ထိုးနှံပြီးဖြစ်သည်။ နှစ်ကုန်လျှင် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းထိုးနှံပြီးစီးရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ လူနာများအတွက် အောက်ဆီဂျင်လိုအပ်မှုနှင့်ပတ်သက်၍ သြဂုတ်လအတွက် နေ့စဉ် အောက်ဆီဂျင်လိုအပ်ချက် လီတာ ၄၀ အိုး ၂၀၀၀၀ ခန့်ရှိရာတွင် ပြည်တွင်းမှ နိုင်ငံပိုင်၊ တပ်မတော်ပိုင်၊ ဆေးရုံ၊ စက်ရုံများမှ ထုတ်လုပ်နိုင်မှုမှာ ၁၂၀၀၀ ခန့်သာရှိသဖြင့် ပြင်ပမှ အိုးပေါင်း ၈၀၀၀ ခန့်နေ့စဉ်တင်သွင်းရန် လိုအပ်သည်။ လက်ရှိတင်သွင်းမှုမှာ အောက်ဆီဂျင်အရည် တန် ၅၀ ခန့် မြဝတီဘက်မှကားများဖြင့် ဝင်ရောက်လျက်ရှိသည်။ ထိုပမာဏမှာ လီတာ ၄၀ အိုး ၇၀၀၀ ကျော်နှင့်ညီမျှသည်။ မူဆယ်လမ်းကြောင်းမှ အောက်ဆီဂျင်အရည် တန် ၂၀ ခန့်ဝင်ရောက်နေပြီး လီတာ ၄၀ အိုး ၃၀၀၀ ကျော်နှင့်ညီမျှသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က လှူဒါန်းမည့် တန်ချိန် ၅၀၀ ကို ရန်ကုန်သို့ တန် ၃၀၀၊ မန္တလေးသို့ တန် ၂၀၀ ခွဲဝေပေးမည်ဖြစ်သည်။ ပြည်တွင်း၌ အောက်ဆီဂျင်စက်ရုံ ၁၁၃ ရုံတည်ဆောက်လျက်ရှိပြီး မကြာမီစတင် လည်ပတ်နိုင်မည် ဖြစ်ကာ စုစုပေါင်းလီတာ ၄၀ အိုး ၂၀၀၀၀ ခန့်ထွက်ရှိမည်ဖြစ်၍ အောက်ဆီဂျင် လိုအပ်မှုအတွက် စိတ်အေးရတော့မည်။
ကိုဗစ်ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူတင်သွင်းမှုအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် ပေးထားပြီး အကောက်ခွန်ကို မူလ ၁၅ ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချပေးထားသည်။ AA ဆေးဝါးထုတ်လုပ်ရေးအုပ်စုမှ ပစိဖိတ်အနောက်တိုင်း ဆေးဝါးစက်ရုံက ဗိုင်းရပ်နှိမ်နင်းနိုင်သည့် Favipiravir (FAVIPAC) ဆေးကို ကျန်းမာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ကြောင်းသိရှိရသည်။ ဆေးဝါးများ လုံလောက်အောင်စုဆောင်းနေပါသည်။ အောက်ဆီဂျင်လည်း ပြည့်ဝစွာ ရရှိရေး ဆောင်ရွက်နေပါသည်။
အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါလျက် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အကောင်းမြင်စိတ်မရှိသည့်အပြင် မြန်မာတို့ပျက်စီးရေးကိုသာ ဦးတည်နေသော အနောက်နိုင်ငံကြီးများသည် မြန်မာနိုင်ငံသည် ကိုဗစ်ကြောင့် ပြိုလဲလုနီးပါးဖြစ်နေ၍ နိုင်ငံတကာမှ အမြန်ဝင်ရောက်ရန်လိုနေပါပြီဟု ဟစ်ကြွေးနေသော်လည်း မြန်မာနိုင်ငံ အတွက် ကာကွယ်ဆေးတစ်လုံးတလေမျှပင် ထောက်ပံ့ပေးခြင်းမရှိသေးပါ။
တစ်ဖက်တွင်မူ ဒေါ်လာစားမီဒီယာများနှင့် နိုင်ငံတကာ ဘက်လိုက်မီဒီယာများက သတင်းမှားများ၊ လုပ်ကြံသတင်းများဖြင့် အဆိုးမြင်ပုံကြီးချဲ့ဖော်ပြနေသလို ပြည်တွင်း၌ လည်း ကာကွယ်ဆေးမထိုးချင်အောင်၊ မထိုးရဲအောင် ကောလာဟလများ၊ ခြိမ်းခြောက်၊ တိုက်ခိုက်၊ အကြမ်းဖက်သတ်ဖြတ်မှုများဖြင့် နှောင့်ယှက်နေသည်။
ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် ကိုဗစ်ရောဂါကို နိုင်နင်းအောင် ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့် အခြေအနေတွင် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို ဘက်ပေါင်းစုံမှ ထောင့်စေ့အောင် ဆောင်ရွက်နေပါသည်။ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားရေးသည် မိမိတို့၏ အသက်တမျှ အရေးကြီးနေပြီ ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ အဖျက်သမားများ၏ အဖျက်စကားများကို နားမယောင်မိစေရန်နှင့် ပြည်သူလူထု၏ကျန်းမာရေးကို ပျက်စီးအောင် တိုက်ခိုက်နေသည့် အဖျက်သမားတို့ မိမိပတ်ဝန်းကျင်တွင် မရှိစေရေးအတွက် ပြည်သူအားလုံးက ညီညီညာညာ ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။