ကျန်းမာရေးတိုက်ပွဲအောင်မြင်စွာဆင်နွှဲကြစို့

ကျန်းမာရေးတိုက်ပွဲအောင်မြင်စွာဆင်နွှဲကြစို့

ကမ္ဘာကိုလှည့်ပတ်နေသည့် ကိုဗစ်-၁၉ သည် မူလဗိုင်းရပ်မှတစ်ဆင့်ထပ်မံမျိုးကွဲကာ အမည်အမျိုးမျိုးဖြင့် ပေါ်ပေါက်လာပြန်သည်။ ဗြိတိန်မှထွက်ပေါ်လာသောကိုဗစ်-၁၉ မျိုးကွဲကို အယ်လ်ဖာ၊ တောင်အာဖရိကမှ ထွက်ပေါ်လာသောမျိုးကွဲကို ဘီတာ၊ ဘရာဇီးမှထွက်ပေါ်လာသောမျိုးကွဲကို ဂမ်မာ၊ အိန္ဒိယမှထွက်ပေါ်လာသော မျိုးကွဲကို ဒယ်လ်တာဟူ၍ အမည်သတ်မှတ်ထားကြသည်။ ဤသည်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဂရိဝေါဟာရများဖြင့် ကိုဗစ်ဗိုင်းရပ်မျိုးကွဲများကို အမည်ပေးလိုက်ခြင်း ဖြစ်သည်။

လူသားတို့၏ ကျန်းမာရေးကိုဖျက်ဆီးရန် ကိုဗစ်ဗိုင်းရပ်အကြမ်းဖက်အဖွဲ့အမည်များ တိုးပွားလာခြင်း ဖြစ်သည်ဟုဆိုနိုင်သည်။ ကိုဗစ်မျိုးကွဲများသည် လူသားတို့၏ ဘုံရန်သူ အစစ် ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိကူးစက်ပြန့်ပွားမှုဖြစ်နေသည်မှာ ဒယ်လ်တာမျိုးကွဲ ကိုဗစ်-၁၉ ဗိုင်းရပ်ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂၄ နိုင်ငံကိုရောက်ရှိနေသည်ဟုသိရှိရသည်။

ဗြိတိန်နိုင်ငံမှထွက်ပေါ်လာသော အယ်လ်ဖာထက်  အိန္ဒိယမှ ထွက်ပေါ်လာသော ဒယ်လ်တာမျိုးကွဲက အဆပေါင်း ၆၀ ပိုမိုကူးစက်နိုင်စွမ်းရှိသည်။ ကာကွယ်ဆေး မထိုးရသေးသည့် ဒေသများတွင် ကူးစက်ပြန့်ပွားမှု အကြီးအကျယ်ဖြစ်လျက်ရှိသည်။

ဒယ်လ်တာမျိုးကွဲနှင့်ပတ်သက်၍ ဇွန်လ ၂၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်တွင် ဒယ်လ်တာမျိုးကွဲသည် တခြားသောကိုဗစ်-၁၉ မျိုးကွဲများ ထက်ပိုပြီးမြန်မြန် ကူးစက်တတ်သည်။ ပိုပြီးအကြမ်းခံ သည်။ အားနည်းနေသည့် လူအုပ်စုကိုပိုပြီး ဒုက္ခပေးနိုင်သည်ဟုဖော်ပြထားသည်။ ဒယ်လ်တာမျိုးကွဲသည်  နောက်ဆုံးမှပေါ်လာသော်လည်း  သူ၏ရှေ့ကပေါ်လာခဲ့သည့် မျိုးကွဲများထက် ဗီဇရုပ်အမျိုးမျိုးပြောင်းလဲခဲ့ပြီး အခြားမျိုးကွဲများထက် ပိုမိုကူးစက်လွယ် ကူသည်။  ကူးစက်မှုအခြေအနေချင်း တူလျှင်သော်မှ ဒယ်လ်တာမျိုးကွဲက ဗိုင်းရပ် ကောင်ရေ အဆတစ်ထောင်ပိုပြီး လူ၏ကိုယ်ခန္ဓာထဲသို့ဝင်နိုင်သည်။ ထို့ကြောင့်လူကိုပို၍ ထိခိုက်မှုဖြစ်စေသည်။

လူသားတို့အတွက် ဘဝဆိုသည်မှာ တိုက်ပွဲဖြစ်သည်ဟုဆိုကြသည်။ လူတိုင်း အသက်ရှင် သန်ရေးအတွက် တိုက်ပွဲပေါင်းစုံတိုက်ခိုက်နေကြရသည်။ အစာအာဟာရ ဖြည့်ဆည်း နိုင်ရေး   အလုပ်အကိုင်တစ်ခုခု လုပ်ကိုင်ရင်းဝင်ငွေရရှိရေးအတွက် တိုက်ပွဲဝင်ကြရသည်။ နေထိုင်စရာအိမ်ခြံမြေ ပိုင်ဆိုင်နိုင်ရေးအတွက်လည်း ထိုနည်းလည်းကောင်းပင် တိုက်ပွဲဝင် ကြရသည်။ ယခုလူသားတို့ တိုက်ပွဲဝင်နေကြရသည်မှာ ကျန်းမာရေးတိုက်ပွဲ ဖြစ်သည်။ အထက်တွင်ရေးသားခဲ့သည်မှာ ရန်သူရောဂါ အကြောင်းအချက်တချို့ဖြစ်သည်။ ရန်သူ အကြောင်းကို သိထားမှ တိုက်ပွဲအောင်မြင်မည်ဖြစ်သည်။

တိုက်ပွဲဝင်ဖို့အတွက် ပထမဆုံးလုပ်ဆောင်ရမည်မှာ ကာကွယ်ဆေးထိုးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ရန် ကာကွယ်ဆေးထိုးပေးခြင်းကို ယခုနှစ်မကုန်မီလူဦးရေ၏ ၅၀ ရာခိုင်နှုန်း အနည်းဆုံးထိုးနှံပေးရန် ကြိုးစားဆောင်ရွက် လျက်ရှိသည်။ တပ်မတော်အနေဖြင့်လည်း ရောဂါကူးစက်ပျံ့နှံ့မှုကို  ချိန်မီထိန်းချုပ် ကာကွယ်တားဆီးနိုင်ရေး ကြိုးပမ်းလျက်ရှိရာတွင် နိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်မှုယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို သြဂုတ်လ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးထားပါသည်။

နိုင်ငံအတွင်း ကာကွယ်ဆေးထိုးပေးခြင်းနှင့်ပတ်သက်၍ ၂၇-၁-၂၀၂၀ ရက်မှ ၂၁-၇-၂၀၂၁ ရက်အတွင်း ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းအများစုတို့အား ကာကွယ်ဆေး ထိုးပေးခဲ့ပြီးဖြစ်သည်။ လူတိုင်းကာကွယ်ဆေးထိုးထားခြင်းဖြင့် မိမိထံရန်သူ အလွယ်တကူ ဝင်ရောက်နိုင်မည်မဟုတ်သည်မှာ ရာနှုန်းပြည့် သေချာသည်။ ဆေးပညာရှင်များ၏ အသိပညာပေးမှုအရ ကာကွယ်ဆေးတိုင်းသည် အစွမ်းထက်ကြောင်း တညီတညွတ်တည်း ပြောဆိုရေးသားကြသည်။ လူတိုင်း ကာကွယ်ဆေးတစ်မျိုးမျိုးကို နှစ်ကြိမ်မဖြစ်မနေ ထိုးထားမှသာ မိမိကျန်းမာရေးအတွက် စိတ်ချမှုရှိပေလိမ့်မည်။ ကာကွယ်ဆေး မထိုးသူများမှာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည် ကျန်းမာလာလျှင် ကိုယ်ခံစွမ်းအား အပြည့်အဝမထွက်ဟုသိရှိရသည်။ ကိုဗစ်ဖြစ်ပြီးသူများမှာလည်း ကာကွယ်ဆေး ထိုးနှံ သင့်သည်ဟု ဆိုပါသည်။ ကာကွယ်ဆေးလည်းထိုးထားမည်၊ ကာကွယ်ရေး နည်းလမ်းများ အတိုင်းလည်း တိကျစွာ လိုက်နာပြုပြင်လုပ်ဆောင်ကြမည်ဆိုလျှင် ရောဂါပိုးသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်မည်မဟုတ်ပါ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို မြန်မာနိုင်ငံတစ်ဝန်း လုပ်ဆောင်ပေးလျက်ရှိသည်။  ဇူလိုင်လတွင် ကာကွယ်ဆေး သုံးသန်းလက်ခံရရှိထားပြီး ယခု သြဂုတ်လတွင် ကာကွယ်ဆေး သုံးသန်း ထပ်မံရရှိမည်ဖြစ်သည်။ လက်ရှိတွင် ကာကွယ်ဆေးကို ဦးစားပေးအုပ်စု အလိုက်ထိုးနှံပေး လျက်ရှိနေပြီဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ကုသပေးခြင်းများ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူတစ်ဦးအနေဖြင့်လည်း ကျန်းမာရေးအသိ၊ သတိရှိရှိဖြင့်နေထိုင်ပြီး ကာကွယ်ဆေး ထိုးထားကြမည်ဆိုပါက လက်ရှိရင်ဆိုင်တွေ့ကြုံနေရသော  ကျန်းမာရေးတိုက်ပွဲကို  အောင်မြင်စွာဆင်နွှဲနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။