ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ CDM ပြုလုပ်ပြီး အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သည့် NUG အား ဆက်သွယ်ကူညီနေသော ဒေါက်တာ ထားထားလင်းအား ဖမ်းဆီးအရေးယူဆောင်ရွက်နေသည့် သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ဇွန် - ၁၂
    

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှ စ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် အဆက်အသွယ်ဖြတ်ကာ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း လက်ကျန်ငွေ ကျပ် ၁၆၁.၁၉၈ သန်းအား ငွေစာရင်း ရှင်းလင်းခြင်းမရှိဘဲ CDM ဝန်ထမ်းအဖြစ် ခံယူသွားခဲ့သူဖြစ်ပါသည်။ ထို့ကြောင့် ဒေါက်တာ ထားထားလင်း အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းမှ (ပ)၁၁/၂၀၂၁ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီးနောက် ဆက်လက်ရှာဖွေစုံစမ်းခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် ဒဂုံမြို့နယ်၊ ယောမင်းကြီး ရပ်ကွက်၊ နဝဒေးလမ်းဘေးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

တရားခံ ဒေါက်တာ ထားထားလင်း၏ ထွက်ဆိုချက်အရ ၎င်းသည် CDM ဆရာဝန်အဖြစ်ခံယူလုပ်ဆောင်ခဲ့သည့်အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတွင် ၎င်းနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သော CDM ဆရာဝန်များနှင့်ဝန်ထမ်း များကို ဆက်သွယ်စည်းရုံး၍ CDM လှုပ်ရှားသူများ ပင်မအုပ်စု(CDMer Core Group)ကို ဖွဲ့စည်းပြီးနောက် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ထားသည့် NUG နှင့်ပေါင်းစပ်လှုပ်ရှားခဲ့ကြောင်း သိရှိရပါသည်။
   

မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ ကျန်းမာရေး ဝန်ကြီးအဖြစ်ခံယူထားသော တရားခံပြေး ဇော်ဝေစိုးသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် Signal Application မှတစ်ဆင့် ဒေါက်တာ ထားထားလင်းအား အဆက်အသွယ်ပြုလုပ်ကာ လုပ်ပေးနိုင်သမျှကူညီပေးရန် စတင်ဆက်သွယ်ပြောဆို လာခဲ့ကြောင်း၊ ၎င်းနောက် တရားခံပြေး ဇော်ဝေစိုးသည် ၎င်းအား Zoom Meeting ဖြင့် မကြာခဏချိတ်ဆက်ကာ CDM ဝန်ထမ်းများအတွက် အားပေးစကားမိန့်ခွန်း ရေးသားပေးရန် အကူအညီတောင်းခံသည့်အတွက် မိန့်ခွန်းရေးသားပေးပို့ခဲ့ကြောင်း၊ NUG ၏ ကျန်းမာရေးလုပ်ငန်းစဉ်အတွက် Program များ ရေးသားပေးရန်စေခိုင်း ခဲ့သဖြင့် ဆောင်ရွက်ပေးခဲ့ရကြောင်း၊ Zoom Meeting အတွက် သတင်းအချက် အလက်နှင့် ဇယားကားချပ်များပြင်ဆင်ပေးခဲ့ရကြောင်း သိရှိရပါသည်။
    

တရားခံပြေး ဇော်ဝေစိုးသည် NUG ၏ ကျန်းမာရေးလုပ်ငန်းစဉ် အတွက် ကုသပေးရမည့်ဆေးဝါးစာရင်းပြုစုခြင်း၊ လူဦးရေနှင့်ဆေးဝါးလိုအပ်ချက် တွက် ချက်ပေးခြင်း၊ ကုန်ကျစရိတ်တွက်ချက်ပေးခြင်းတို့ကို ဒေါက်တာ ထားထားလင်းအား တာဝန်ပေးစေခိုင်းခဲ့ပြီး တစ်နိုင်ငံလုံး အကြမ်းဖက်လှုပ်ရှားမှုနှင့် ဆက်စပ်ဖြစ်ပေါ် လာမည့် ကုသရေးအသုံးစရိတ် ၆ လစာအတွက် အမေရိကန်ဒေါ်လာ ၈ သန်းဖြင့် တွက်ချက်စေခဲ့ကြောင်း၊ ၎င်းကျန်းမာရေးအထောက်အပံ့လိုအပ်ငွေ အမေရိကန်ဒေါ်လာ  ၈ သန်းအား နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများထံမှ Grant Proposal တင်ပြ တောင်းခံသုံးစွဲသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။
    

တရားခံပြေး ဇော်ဝေစိုးသည် ၎င်း၏ ကွပ်ကဲမှုအောက်တွင် ဒေါက်တာ ထားထားလင်း အား Public Health Team အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေး ထားပြီး အဆိုပါ Public Health Team တွင် ဒေါက်တာ ထားထားလင်း အပါအဝင် ယခင်ကျန်းမာရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်းများအဖြစ် ထွက်ပြေး တိမ်းရှောင် နေသော ဆရာဝန် ၁၂ ဦးဖြင့် အောက်ပါအတိုင်းဖွဲ့စည်းထားကြောင်း သိရှိရ ပါသည်-

    ( ၁)    ဒေါက်တာ ထားထားလင်း(အဖွဲ့ခေါင်းဆောင်)
    ( ၂ )    ဒေါက်တာ သူဇာချစ်တင်(အဖွဲ့ဝင်)
    ( ၃ )    ဒေါက်တာ မျိုးမျိုးမွန်(အဖွဲ့ဝင်)
    ( ၄ )    ဒေါက်တာ အောင်စိုးထက်(အဖွဲ့ဝင်)
    ( ၅ )    ဒေါက်တာ ထူးမြင့်ဆွေ(အဖွဲ့ဝင်)
    ( ၆ )    ဒေါက်တာ ချိုချိုစန်း(အဖွဲ့ဝင်)
    ( ၇ )    ဒေါက်တာ စုစုလင်း(အဖွဲ့ဝင်)
    ( ၈ )    ဒေါက်တာ လွင်မာလှိုင်(အဖွဲ့ဝင်)
    ( ၉ )    ဒေါက်တာ ငြိမ်းငြိမ်းချစ်(အဖွဲ့ဝင်)
    (၁၀)    ဒေါက်တာ ခင်ငြိမ်းချမ်း(အဖွဲ့ဝင်)
    ( ၁၁ )    ဒေါက်တာ မိုးကျော်သူ(အဖွဲ့ဝင်)
    ( ၁၂ )    ဒေါက်တာ စန်းသန္တာ(အဖွဲ့ဝင်)
    ဒေါက်တာ ထားထားလင်း ဦးဆောင်သော Public Health Team ၏ အောက်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် State Health Admin Team (SHAT)ကို အဖွဲ့ခေါင်းဆောင် ဒေါက်တာ မိုးကျော်သူ(ယခင်ဘီးလင်းမြို့နယ် ကျန်းမာရေးမှူး) အပါအဝင် ၁၀ ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းထားကြောင်း သိရှိရပါသည်-
    ( ၁)    ဒေါက်တာ မိုးကျော်သူ(အဖွဲ့ခေါင်းဆောင်)
    ( ၂ )    ဒေါက်တာ နိုင်နိုင်ထွန်း(အဖွဲ့ဝင်)
    ( ၃ )    ဒေါက်တာ ရှာရွန်ပါရ်(အဖွဲ့ဝင်)
    ( ၄ )    ဒေါက်တာ အောင်ကြည်(အဖွဲ့ဝင်)
    ( ၅ )    ဒေါက်တာ ဒယ်နီလင်း(အဖွဲ့ဝင်)
    ( ၆ )    ဒေါက်တာ နှင်းအိဖြူ(အဖွဲ့ဝင်)
    ( ၇ )    ဒေါက်တာ ချစ်ကိုဟန်(အဖွဲ့ဝင်)
    ( ၈ )    ဒေါက်တာ စုစုလှိုင်(အဖွဲ့ဝင်)
    ( ၉ )    ဒေါက်တာ ဇက်လွမ်းခေါင်(အဖွဲ့ဝင်)
    (၁၀)    ဒေါက်တာ ကျော်သူဆွေ(အဖွဲ့ဝင်)
    SHAT အဖွဲ့၏ အောက်တွင်လက်တွေ့အကောင်အထည်ဖော်ရန် မြို့နယ် အဆင့် Township Health Admin Team (THAT)များကို ဆက်လက်ဖွဲ့စည်း လျက်ရှိကြောင်း ၊ SHAT အဖွဲ့နှင့် THAT အဖွဲ့များအကြား Online ဖြင့် ချိတ်ဆက် လှုပ်ရှားပေးရန်အတွက် Clinicians Team အား ဒေါက်တာ စန်းသန္တာ အပါအဝင် ၅ ဦးဖြင့် အောက်ပါအတိုင်းဖွဲ့စည်းထားကြောင်း သိရှိရပါသည်-
    ( ၁)    ဒေါက်တာ စန်းသန္တာ(အဖွဲ့ခေါင်းဆောင်)
    ( ၂ )    ဒေါက်တာ မောင်မောင်ငြိမ်းထွန်း(အဖွဲ့ဝင်)
    ( ၃ )    ဒေါက်တာ ဆွေဇင်ဦး(အဖွဲ့ဝင်)
    ( ၄ )    ဒေါက်တာ ရဲဇင်အောင်(အဖွဲ့ဝင်)
    ( ၅ )    ဒေါက်တာ ဇေမင်းထွန်း(အဖွဲ့ဝင်)
    

သို့ဖြစ်၍ တရားခံပြေး ဇော်ဝေစိုးနှင့် အကြမ်းဖက်အဖွဲ့အစည်း NUG ၏ ညွှန်ကြားစေခိုင်းမှုများကို လိုက်ပါလုပ်ဆောင်လျက်ရှိကြသည့် ဒေါက်တာ ထားထားလင်းအပါအဝင် Public Health Team အဖွဲ့ဝင် ဆရာဝန် ၁၂ ဦး၊ SHAT အဖွဲ့ဝင် ဆရာဝန် ၁၀ ဦး၊ Clinicians Team အဖွဲ့ဝင် ဆရာဝန် ၅ ဦး စုစုပေါင်း ၂၅ ဦး တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ၊ မတရားအသင်းနှင့် ဆက်သွယ်ဆောင်ရွက်မှု အတွက် ပုဒ်မ ၁၇(၁)တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
    မိဘပြည်သူများအနေဖြင့် အဆိုပါ ဆက်စပ်တရားခံများအား ဝိုင်းဝန်းဖမ်းဆီး နိုင်ပါရန်၊ တွေ့ရှိပါက နီးစပ်ရာနယ်မြေခံ တပ်၊ ရဲစခန်းများသို့ ဆက်သွယ် အကြောင်း ကြားပေးပါရန်နှင့် လက်ခံထားသူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။