ကျိုက်မရောမြို့နယ်၊ ဘိမ်းဗျောကျေးရွာ၊ ကော့တာတောရကျောင်းတိုက်အတွင်း တည်ထား ကိုးကွယ်တော်မူသည့် လောကဇဗ္ဗူအောင်မြင်မူစေတီတော်မြတ်ကြီး ရွှေထီးတော်တင် လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲပြုလုပ်
နေပြည်တော်၊ မတ် - ၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘိမ်းဗျောကျေးရွာ၊ ကော့တာတောရကျောင်းတိုက် အတွင်း တည်ထားကိုးကွယ်တော်မူသည့် လောကဇဗ္ဗူအောင်မြင်မူစေတီတော်မြတ်ကြီး ရွှေထီး တော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ အခမ်းအနားသို့ ဣစ္ဆာသယကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝိဇယ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အုပ်ချုပ်ရေးကောင်စီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဣစ္ဆာသယကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက မေတ္တာသုတ်ပရိတ် တရားတော်များ ချီးမြှင့်တော်မူကြသည်။
ထို့နောက် တိုင်းမှူးက လောကဇဗ္ဗူအောင်မြင်မူစေတီတော်မြတ်ကြီးတွင် တင်လှူ ပူဇော်မည့် ရတနာစိန်ဖူးတော်နှင့် လှူဖွယ်ပစ္စည်းများအား ဣစ္ဆာသယကျောင်းတိုက်ဆရာတော် ထံသို့ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အမျှပေးဝေကြသည်။
ဆက်လက်၍ ဣစ္ဆာသယကျောင်းတိုက်ဆရာတော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့အားပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်သုံးပတ် လှည့်လည်ပူဇော်ကြည်ညိုကြသည်။
ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်၍ စေတီတော်အထွဋ်သို့ တင်လှူပူဇော်ပြီး ဇယန္တောဗောဓိယာမူလေအစရှိသော အောင်ဂါထာတော်များကို ရွတ်ဖတ် ပူဇော်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြသည်။
ဆက်လက်၍ တိုင်းမှူးက ရွှေထီးတော်တင်မင်္ဂလာအခမ်းအနားအား အောင်မြင်ခြင်း အထိမ်းအမှတ်အနေဖြင့် ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုးပြီး သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ကြသည်။ အခမ်းအနားအပြီးတွင် တိုင်းမှူးနှင့်တက်ရောက်လာကြသူများ က သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။