ကျိုက်မရောမြို့၊ ဆုတောင်းပြည့် ဘုရားကြီးကျောင်းတိုက်၌ တည်ထား ကိုးကွယ်လျက်ရှိသော ကမ္ဘာ့ကပ်ကျော် ကမ္ဘာလုံးစေတီတော်၊ ပြည်လုံးချမ်းသာ စေတီတော်နှင့် လေးမျက်နှာဘုရား စေတီတော် ရွှေထီးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ပွဲကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ - ၃၀

   မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ဆုတောင်းပြည့်ဘုရားကြီး ကျောင်းတိုက်၌ တည်ထား ကိုးကွယ်လျက်ရှိသော ကမ္ဘာ့ကပ်ကျော် ကမ္ဘာလုံးစေတီတော်၊ ပြည်လုံးချမ်းသာ စေတီတော်နှင့် လေးမျက်နှာဘုရား စေတီတော် ရွှေထီးတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေ ကဇာတင် ပူဇော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျောင်းတိုက်ရှိ စေတီတော်များ၌ ပြုလုပ်ရာ ဆုတောင်းပြည့်ဘုရားကြီး ကျောင်းတိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါရိန္ဒ အမှူးပြုသော သံဃာတော် များ ကြွရောက် ချီးမြှင့်တော်မူကြပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်းများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံ ပြည်သူများ တက်ရောက် ကြည်ညိုကြသည်။

ဦးစွာ ဆုတောင်းပြည့်ဘုရားကြီး ကျောင်းတိုက်ဆရာတော်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များက ကမ္ဘာ့ကပ်ကျော် ကမ္ဘာလုံးစေတီတော်၊ ပြည်လုံးချမ်းသာစေတီ တော်နှင့် လေးမျက်နှာ ဘုရားစေတီတော်များအား မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်တို့ကို စေတီတော်အထွဋ်သို့ မင်္ဂလာ ရထားပျံဖြင့် ပင့်ဆောင်တင်လှူ ပူဇော်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ဇယန္တောဗောဓိ ယာမူလေအစချီ အောင်ဂါထာတော်များ ရွတ်ဖတ်ပူဇော်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဆိုပါကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြကာ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ကြသည်။

 ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆုတောင်းပြည့်ဘုရားကြီး ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ၎င်းနောက် သံဃာတော်များက စေတီတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။