ကျိုင်းတုံမြို့နယ်၊ လွိုင်မွေတောင်စခန်းမြို့၌ နွားနောက်ပြပွဲ ပြုလုပ်
နေပြည်တော်၊ မေ - ၈
နိုင်ငံတော်အကြီးအကဲများ၏လမ်းညွှန်ချက်နှင့်အညီနိုင်ငံတော်အတွင်း စိုက်ပျိုး/ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးမှ နွားနောက်သား များကို ပြည်ပနိုင်ငံများသို့ တရားဝင်တင်ပို့နိုင်ခြင်းဖြင့် မွေးမြူရေးတောင်သူများအနေဖြင့် လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်လုံစိုက်ပျိုး/မွေးမြူရေးခြံ၌ နွားနောက်ပြပွဲကို ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နွားနောက်မွေးမြူကြသည့် ဒေသခံမွေးမြူရေးတောင်သူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဒေသခံနွားနောက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင် သူတစ်ဦးတို့က နွားနောက်မွေးမြူရေးအကြောင်း သိကောင်းစရာများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နွားနောက် မွေးမြူရေးပြခန်းနှင့် နွားနောက်မွေးမြူရေးခြံများသို့ လိုက်လံကြည့်ရှုကြပြီး ဒေသခံ တိုင်းရင်းသားမွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များ၏ ရှင်းလင်းတင်ပြ မှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ လွိုင်မွေကျေးရွာအုပ်စုတွင် နွားနောက်အကောင်ရေ ၄၀၀ ခန့် ၊ မိုင်းကိုင် အုပ်စုတွင် နွားနောက်အကောင်ရေ ၁၅၀ ခန့်၊ နမ့်နီ/နမ့်လုံကျေးရွာတွင် နွားနောက် အကောင်ရေ ၂၀ ခန့်၊ မိုင်းနော့/ဖာတကျေးရွာတွင် နွားနောက်အကောင် ရေ ၂၀၀ ခန့်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်/ကျေးရွာများတွင် စုစုပေါင်းနွားနောက်အကောင်ရေ ၇၇၀ ခန့်မွေးမြူလျက်ရှိကြောင်း သတင်းရရှိသည်။