ကျိုင်းတုံမြို့၊ တူယားကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပညာသာမိ အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်

နေပြည်တော်၊ ဧပြီ - ၇

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တူယားကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပညာသာမိ အား သာသနာတော်ဆိုင်ရာ (အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ) ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းနှင့် ဩဝါဒခံယူခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ကြသည်။

    ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ပြီး ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆရာတော်အား အမှူးပြုသော သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ် တော်မူကြပြီး ဆရာတော်ကြီးမှ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆိုင်သည့် ဩဝါဒကထာ ချီးမြှင့် ဟောကြားတော်မူသည်။

ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များက  တူယားကျောင်းတိုက်ပဓာန နာယက ဆရာတော်ထံ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ “အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ” ဘွဲ့တံဆိပ်တော်အား ဆက်ကပ်ပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများအား ဆရာတော်ကြီးထံ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ဆရာတော်ကြီးမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနတရား ချီးမြှင့်ဟောကြားတော်မူပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

 ၎င်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။