ကျောက်မဲမြို့၊ ပင်လယ်ဘူးမြို့နှင့် မန္တလေးမြို့တို့၌ ဆူပူအကြမ်းဖက်သူများက အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်

နေပြည်တော်၊ ဧပြီ - ၆

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အိုရီယမ်တယ်တိုးဂိတ်သို့ ဧပြီ ၅ ရက် ည ၇ နာရီ ၅ မိနစ်ခန့်တွင် ဆူပူအကြမ်းဖက်သူ ၂ ဦးက ဆိုင်ကယ်ဖြင့် သီပေါ ဘက်မှ ရောက်ရှိလာပြီး တိုးဂိတ်အား ဖြတ်သန်းစဉ် ဆိုင်ကယ်နောက်မှ လိုက်ပါလာ သူတစ်ဦးက လက်လုပ်လက်ပစ်ဗုံးအား ယာဉ်ငယ်များ ငွေကောက်ခံသည့် ကောင်တာအနီး ၁၀ ပေခန့်အကွာတွင် စနစ်တံအား မီးရှို့ပစ်ချခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါဆူပူအကြမ်းဖက်သူ ၂ ဦးမှာ ကျောက်မဲမြို့ ဘက်သို့ မောင်းနှင်ထွက်ပြေးသွားသည်။

အဆိုပါပေါက်ကွဲမှုကြောင့် တိုးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း  ၂ ဦး၊ လားရှိုးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသော ၆ ဘီးယာဉ် ယာဉ်မောင်း ၁ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦ မျက်နှာကျက်များ၊ ကောင်တာမှန်များ၊ CCTV   ၁ လုံး၊ ကွန်ပျူတာ ၂ လုံး၊ အဲကွန်း ၂ လုံး၊ ဆိုင်ကယ် ၁ စီးနှင့် ၆ ဘီးယာဉ် လေကာ မှန်များ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဧပြီလ ၅ ရက် နေ့လည် ၁ နာရီခန့်တွင် ဆူပူအကြမ်းဖက်သူ လူစုလူဝေး အင်အား ၇၀ ဦးခန့်က ပင်လယ်ဘူးမြို့ရှိ မြို့မရဲစခန်းသို့ တူမီးသေနတ်၊ လေသေနတ်၊ လေးခွ၊ ဂျင်ကလိ၊ မီးပုလင်းများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည် ခြောက်လှန့်လူစုခွဲခဲ့ရာ မွန်းလွဲ ၃ နာရီအချိန်တွင် လူစုကွဲသွားခဲ့သည်။

အလားတူ ညနေ ၅ နာရီခွဲအချိန်တွင် ပင်လယ်ဘူးမြို့၊ စော်ဘွားဘုရား ကုန်းပေါ်မှ ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား ၂၀၀ ဦးခန့်မှ တူမီးသေနတ်၊ လက်လုပ်သေနတ်၊ မီးပုလင်းများဖြင့် မြို့နယ်တရားရုံးအား ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ခြောက်လှန့်ပစ်ခတ်လူစုခွဲနေစဉ် ည ၇ နာရီခွဲအချိန်ခန့်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား မီးကွင်း၊ မီးပုလင်းများဖြင့် ထပ်မံပစ်ပေါက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး မီးစတင်လောင်ကျွမ်းခဲ့ပြီး အဆိုပါရုံးဝင်းအတွင်းရှိ မြို့နယ်တရားရုံးနှင့် မြို့နယ်ကော်မရှင်ရုံးအဟောင်းတို့အား မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ က ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သောကြောင့် ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်း သွားခဲ့သည်။

ယနေ့နံနက် ၄ နာရီခွဲအချိန်တွင် အကြမ်းဖက်သမားများ မီးကွင်း၊ မီးပုလင်း ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းဆုံးရှုံးခဲ့ရသည့် အဆောက်အဦများ၏ မီးကြွင်း မီးကျန်များမှတစ်ဆင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝင်းအတွင်းရှိ မြို့နယ်စည်ပင် သာယာရုံးအား  မီးကူးစက် လောင်ကျွမ်းခဲ့ရာ ဝိုင်းဝန်းမီးငြှိမ်းသတ်မှုကြောင့် နံနက် ၆ နာရီခွဲ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်သူလူအုပ်စု၏ မီးကွင်း၊ မီးပုလင်းများဖြင့် အကြမ်းဖက် ပစ်ပေါက်တိုက်ခိုက်ခဲ့မှုကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ မြို့နယ် တရားရုံး၊ မြို့နယ်ကော်မရှင် ရုံးအဟောင်းနှင့် မြို့နယ်စည်ပင်သာယာရေးရုံးတို့ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ၇၃ လမ်းနှင့် ၃၁ လမ်းကြားတွင် ဆူပူအကြမ်းဖက်သူများက ဆူပူဆန္ဒပြမှုများ ဆောင်ရွက်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်လူစုခွဲစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆူပူအကြမ်းဖက်သူများက မော်တော်ယာဉ်ဖြင့် တိုက်ကာ ထွက်ပြေးသဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်တစ်ဦး ဝဲမျက်လုံး အထက်နှင့်အောက် ပေါက်ပြဲဒဏ်ရာ၊ ဝဲပေါင်ကျိုး ဒဏ်ရာများ ရရှိခဲ့သဖြင့် ပြင်ဦးလွင်တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူ စေလျက်ရှိသည်။ အဆိုပါဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်ရာတွင် ပါဝင်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

အလားတူ ဧပြီလ ၅ ရက် ညနေ ၃ နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြား၊ ၁၁၁ လမ်းထောင့်ရှိ ဆရာ/ဆရာမများ စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်လျက်ရှိသည့်  အမှတ်(၂၆)အခြေခံပညာအထက်တန်းကျောင်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ရာ နေ့လည် ၁၁ နာရီခွဲခန့်တွင် ဆူပူအကြမ်းဖက်သူ လူတစ်စုမှ ရေသန့်ဗူးဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံးအား (၁၁၁)လမ်းဘက်မှ ကျောင်းဝင်း အတွင်းသို့ ပစ်ပေါက်ခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ ကျောင်းဝင်းအတွင်းရှိ တကောင်း သစ္စာခန်းမအနီး ကွင်းပြင်သို့ ကျရောက်ခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်များတွင် မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သူ ျားအား တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။