ကျောက်မဲမြို့၊ ပန်ကျင်ကျေးရွာဖြစ်စဉ်အား စစ်ဆေးမည့် စစ်ဆေးရေးအဖွဲ့အား RCSS/SSA အဖွဲ့မှ နှောင့်ယှက်ပစ်ခတ်
နေပြည်တော်၊ ဇူ - ၁၅
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ်၊ ပန်ကျင်ကျေးရွာ တစ်ဝိုက်၌ တပ်မတော်နှင့် RCSS/SSAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားစဉ် ပန်ကျင်ကျေးရွာနေ ဦးအိုက်စု (ခ)လုံးစု ၆၀ နှစ်(ဘ)ဦးချင်းဘု၊ တောင်ယာလုပ်ကိုင်သူသည် လက်နက်ငယ် ကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း၊ ဒေါ်ပါဆိုင်ယုံ ၅၅ နှစ်နှင့် ဦးမောင်ခေ ၅၆ နှစ်တို့သည် ဒဏ်ရာများရရှိခဲ့ကြောင်း၊ အဆိုပါ ဒေသခံ ၃ ဦးမှာ တပ်မတော်မှ ပစ်ခတ်၍သေဆုံး ခဲ့သည်ဟု အကြောင်းပြကာ ဇူလိုင်လ ၁၀ ရက်တွင် ကျောက်မဲမြို့နယ်အတွင်း လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်းတို့အား သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ ဖြစ်စဉ် မှန်ကန်မှု ရှိ/မရှိ စိစစ်ရန် တပ်မတော်မှအရာရှိကြီး ၁ ဦး ဦးစီးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့ ဖြစ်စဉ်ဖြစ်ပွားသည့် ပန်ကျင်ကျေးရွာသို့သွားရောက်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လုံခြုံရေးဆောင်ရွက်စဉ် RCSS/SSA အဖွဲ့မှ ဇူလိုင်လ ၁၄ ရက်တွင် နောင်ပိန်ကျေးရွာနှင့် နမ့်မော်ဖိတ် ကျေးရွာကြားတွင် ၁ ကြိမ်၊ ဟဲကွီးကျေးရွာအနီးတွင် ၁ ကြိမ်၊ ပေါင်း ၂ ကြိမ်၊ ယနေ့ ဇူလိုင်လ ၁၅ ရက်တွင်လည်း နမ့်မော်ဖိတ်ကျေးရွာအနီးတွင် ၁ ကြိမ် ၊ ဟဲကွီး ကျေးရွာနှင့်ပန်ကျင်ကျေးရွာကြားတွင် ၁ ကြိမ်နှင့်ပန်ကျင်ကျေးရွာအနီးတွင် ၁ ကြိမ်၊ ပေါင်း ၃ ကြိမ်တိုင် နှောင့်ယှက်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များမှလည်း မိမိကိုယ်မိမိ ခုခံကာကွယ်သည့်အနေဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
RCSS/SSA အဖွဲ့မှ မည်သို့ပင် နှောင့်ယှက်ပစ်ခတ်သော်လည်း တပ်မတော် စစ်ကြောင်းအနေနှင့် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ ကျေးရွာအလိုက် ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။