နေပြည်တော်၊ ဧပြီ - ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၅ ရက် ည ၁၂ နာရီ ခန့်တွင် ကဘင်းကျေးရွာအုပ်စု၊ ကျောက်ပိုချောင်း ကျေးရွာအနီးသို့ အရောက်၌ အလျား ၂၇ ပေ၊ အနံ ၄ ပေ၊ ရေစူး ၁ ပေခန့်ရှိ မသင်္ကာဖွယ် လှေတစ်စီးတွေ့ရှိသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင် ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးစဉ် ၎င်းလှေပေါ်မှ အဖြူရောင် ဆာလာအိတ်ထုပ်များ ရေထဲသို့ပစ်ချခဲ့သဖြင့် ဆယ်ယူ စစ်ဆေးခဲ့ရာ ဘိန်းစာမှုန့် ၅၀ ဂရမ်ခန့်ပါ ၆၁၅၀ ထုပ် ၃၀၇၅၀၀ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၃၀၀ ကျော်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အလားတူ မြိတ်မြို့၊ ပသောင်းတံတား၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ယာဉ်ဝင်/ ထွက်မှုများ စစ်ဆေးဆောင်ရွက်စဉ် ဧပြီ ၂၅ ရက် ညနေ ၆ နာရီခွဲခန့်တွင် တနင်္သာရီမြို့ဘက်မှ မြိတ်မြို့ဘက်သို့ မမိုးသက်(ဘ) ဦးဖိုးချစ် မောင်းနှင်ပြီး အစ်မဖြစ်သူ မချိုချိုသိန်း စီးနင်းလိုက်ပါ လာသည့်မော်တော် ဆိုင်ကယ် နှင့် မဖြူဖြူချစ်(ဘ)ဦးဖိုးချစ်မောင်းနှင်ပြီး မဂျစ်စမီး(ဘ)ဦးစိုးနိုင် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ် ၂ စီးတို့အား ရပ်တန့်စစ်ဆေးရာ ၎င်းတို့ သယ်ဆောင်လာသည့် လက်ဆွဲခြင်း ၂ ခြင်းအတွင်းမှ ဘိန်းစာမှုန့် ၇၀ ဂရမ်ခန့်ပါ ၅၅၀ ထုပ် ၃၈၅၀၀ ဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈ သိန်းကျော်)နှင့်အတူ တွေ့ရှိ ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။