မန္တလေးတိုင်းဒေသကြီးမြစ်သားမြို့နယ် ရစ်ကန်စံပြကျေးရွာ၌ ယခုနှစ် ကြက်သွန်နီအသစ်များ စတင်ပေါ်ထွက် လာပြီဖြစ်သော်လည်း ဈေးနှုန်းမှာ ယခင်နှစ်ထက် ကျဆင်းလျက်ရှိကြောင်း ကြက်သွန်နီ စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။
''ဒီနှစ်ကြက်သွန်နီ စထွက်နေပါပြီ။ လက်ရှိပေါက်ဈေးက တစ်ပိဿာကိုငွေကျပ် ၈ဝဝ ပဲရှိပြီး အရင်နှစ်ထက် ထက်ဝက် ကျဆင်းပါတယ်။ ပြီးခဲ့တဲ့ နှစ်က တစ်ပိဿာကို ငွေကျပ် ၁၅ဝဝ၊ ၁၇ဝဝ အထိရှိပါတယ်။ ဝယ်ယူအားလည်း ကောင်းတယ်။ ဒီနှစ်ကတော့ ဝယ်တဲ့သူလည်း သိပ်မလာဘူး။
ဒီနှစ်ကတော့ အမြတ်အစွန်းနည်းမယ်။ ကြက်သွန်နီ စိုက်ပျိုးတဲ့အခါမှာလည်း တစ်ဧကကို ကုန်ကျငွေကျပ် ခုနစ်သိန်းကျော် ရှစ်သိန်းဝန်းကျင်အထိရှိတယ်။ ထွက်နှုန်းကတော့ တစ်ဧကကို ကြက်သွန်နီပိဿာချိန် ၂၅ဝဝ ကနေ ၃ဝဝဝအထိ ထွက်ပါတယ်။ ဒီနှစ်က ရှုံးတော့မရှုံးဘူး''ဟု ကျေးရွာရှိ ကြက်သွန်နီစိုက်ပျိုးသူ ဦးအောင်မိုးက ပြောသည်။
မြစ်သားမြို့နယ်ရစ်ကန်စံပြကျေးရွာရှိ ဒေသခံတောင်သူများ အနေဖြင့် စပါး၊ ငရုတ်၊ ကြက်သွန်နီ၊ ကုလားပဲ၊မြေပဲ၊ နှမ်းနှင့် ပြောင်းတို့ကို အဓိကထားကာ ရာသီအလိုက် စိုက်ပျိုးကြပြီး သီးနှံထွက်ချိန်တွင် ဝင်ငွေများရရှိကာ အဆင်ပြေလျက် ရှိကြောင်း သိရသည်။