ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာရှိ အမျိုးသမီး ၁ ဦးအား အဓမ္မပြုကျင့်ခဲ့သည့် စစ်သည် အား အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်
နေပြည်တော်၊ ဒီဇင်ဘာ - ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာရှိ အမျိုးသမီး ၁ ဦး အား စစ်သည်၁ ဦးက အလိုမတူဘဲ အဓ္ဓမပြုကျင့်ခဲ့သဖြင့် တရားဉပဒေအတိုင်း အရေးယူပေးစေလိုကြောင်း ဒေသခံအချို့က သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ပြီး ကနဦး စစ်ဆေးဖော်ထုတ်စစ်ဆေးချက်များအရ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင် ရွက်နေသော တပ်သားအဆင့်ရှိ မင်းမင်းစိုးမှာ အမှန်တကယ် ပြစ်မှုကျူးလွန် ကြောင်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် အများပြည်သူရှေ့မှောက်တွင် တရားစီရင်မှု (Open Court ) စစ်တရားရုံးဖြင့် ပွင်းလင်းမြင်သာစွာ အမြန်ဆုံး စစ်ဆေးပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စစ်ဆေးစီရင်ရန်အတွက် တပ်မတော်အက် ဥပဒေ၊ တပ်မတော်နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခဲ့သည့် စစ်တရားရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လုပ်ထုံးလုပ်နည်းများနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် ကွတ်ခိုင်မြို့ရှိ နယ်မြေခံတပ်၌ အကျဉ်းစစ်တရားရုံးချုပ်ဖြင့် ရုံးထိုင်စစ်ဆေးခြင်းကို စတင်စစ်ဆေးဆောင်ရွက်ခဲ့သည်။ ထိုသို့ အကျဉ်းစစ်တရားရုံးချုပ်ဖြင့် ရုံးထိုင် စစ်ဆေးခြင်းကို ယနေ့တွင်လည်း ဆက်လက်ပြုလုပ်၍ တပ်မတော်သား တရားလို ဘက်သက်သေများနှင့် အရပ်သား တရားလိုဘက် သက်သေများကို စစ်မေးခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန်သူ စစ်သည်အား ပြစ်မှု၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော နယ်ဘက် အကျဉ်းထောင်တွင် ထောင်ဒဏ် ၂၀ နှစ်နှင့် ဖြစ်စဉ်အတွက်တာဝန်ရှိသော အရာရှိကြီး ၁ ဦးအပါအဝင် အရာရှိ၊ စစ်သည်များအား တပ်မတော်မှ ပြဋ္ဌာန်း ထားသည့်ဥပဒေများနှင့်အညီ ပြစ်ဒဏ်များကိုချမှတ်ခဲ့ သည်။
အဆိုပါဖြစ်စဉ်အား စစ်တရားရုံးဖြင့် စတင်စစ်ဆေးစီရင်ခဲ့သည့် အချိန်မှစ၍ ယနေ့အထိ နယ်ဘက်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာကျေးရွာမှ ရပ်မိ၊ ရပ်ဖများ၊ တရားလိုဘက်ဆွေမျိုးများ၊ ရှမ်းပြည်နယ်၊ ကချင်စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီး အဖွဲ့နှင့် ဘာသာရေးအသင်းအဖွဲ့များကို ဖိတ်ကြားတက်ရောက်စေ၍ ပွင့်လင်း မြင်သာစွာ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေနိုင်သော၊ ပြည်သူ နှင့်တပ်မတော်အကြား ယုံကြည်မှုပျက်ပြားစေနိုင်သော၊ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေနိုင်သော ကိစ္စရပ်များကို ကျူးလွန်ပါက တပ်မတော်အနေဖြင့် ထိရောက် စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။