နေပြည်တော်၊ မေ - ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများ၏ ခရီးသွားလာမှုများနှင့် ကုန်စည်စီးဆင်းမှုများ လွယ်ကူချောမွေ့စေရန် လမ်းပန်းဆက်သွယ်ရေးတွင် အဓိကကျသည့် မီးရထားခရီးစဉ်များကို နေ့စဉ်တိုးချဲ့ပြေးဆွဲပေးလျက်ရှိကာ ခရီးသွား ပြည်သူလူထုအနေဖြင့်လည်း စိတ်ချမ်းမြေ့စွာသွားလာလျက်ရှိသည်။ ထို့အပြင် တစ်နိုင်ငံလုံး လိုလားတောင့်တလျက်ရှိသော ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်ရန် လျှောက်လှမ်းလျက်ရှိသည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပါ အချက်များကို ဆက်လက် ထိန်းသိမ်း၍ အလေးထားလိုက်နာဆောင်ရွက်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ မေ ၂၆ ရက် ညပိုင်းတွင် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် အမှတ်(၂) အစုန်ရထားသည် ဖြူးမြို့နယ်၊ ညောင်ပင်သာဘူတာ၏ အရှေ့တောင်ဘက် မီတာ ၃၇၀၀ ခန့်အကွာ ရထား လမ်း ကြေးနန်းမိုင်တိုင်အမှတ်(၁၂၅/၁၄)နှင့်(၁၂၅/၁၅)ကြားသို့ ည ၉ နာရီခွဲခန့် ၌ရောက်ရှိစဉ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် အကျယ် ၃ ပေ ပတ်လည်၊ အနက် ၃ ပေခန့်ရှိ မြေကျင်းဖြစ်ပေါ်ခဲ့ကာ ရထား လမ်း ဇလီဖားတုံး ၅ တုံး ပြုတ်ထွက်ပျက်စီးပြီး မိုင်းရှင်းတွဲ ကြမ်းခင်းများ ပျက်စီး ခဲ့ကြောင်းနှင့် မိုင်းရှင်းတွဲ ၁ တွဲ၊ လူစီးတွဲ ၂ တွဲ၊ စက်ခေါင်း တွဲ ၁ တွဲ၊ စက်ခေါင်း မောင်း နားနေခန်း ၁ တွဲ ၊ စုစုပေါင်း ၅ တွဲ တွဲချော်ခဲ့ကြောင်းသိရှိရပြီး မီးရထားဝန်ထမ်းများနှင့် ခရီးသည်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိ ကြောင်း သိရှိရသည်။
နိုင်ငံတော်ကို ဆန့်ကျင်လျက်ရှိသော အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ များအနေဖြင့် အများပြည်သူ လိုက်ပါစီးနင်းလျက်ရှိသည့် မီးရထားများအား အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသော လုပ်ရပ်များကိုလုပ်ဆောင်ခဲ့ရာ ၁၉၈၄ ခုနှစ်အတွင်း ကညွတ်ကွင်းနှင့် တောကျွဲအင်းဘူတာကြား (မိုင်တိုင်အမှတ် ၁၂၁/၆ နှင့် ၁၂၁/၇ အကြား) တွင် မန္တလေး-ရန်ကုန် အမှတ် ၂ အစုန်ရထားအား သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ခရီးသွားပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ ၁၉၉၆ ခုနှစ် မေလ ၂၁ ရက်နေ့ တွင်လည်း မန္တလေးမှထွက်ခွာလာသည့်အမှတ် ၂ အစုန်ရထားအား ကညွတ်ကွင်းနှင့် တောကျွဲအင်းဘူတာကြား ကွင်းချောင်း တံတားအနီးတွင် သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် ခရီးသွားပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ သောင်းကျန်းသူအဖွဲ့၏ ရထားလမ်းမိုင်းထောင်၊ မိုင်းခွဲမှုများကြောင့် ပြည်သူလူထုတို့၏ အသက်အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးခဲ့ရသည့် အခြားဖြစ်စဉ် များစွာလည်း ဖြစ်ပွားခဲ့ကြောင်းနှင့် ပြည်သူလူထုမှ ၎င်းလုပ်ရပ်များအပေါ် ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချကန့်ကွက်ခဲ့ကြောင်း သိရှိရ သည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် အများပြည်သူသွားလာ အသုံး ပြုနေသည့် စစ်ဘက်နှင့် မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်များကို ယခုကဲ့သို့ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းသည် အေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်လိုသည့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို သေကြေပျက်စီးစေပြီး ကြောက်ရွံ့စိုးရိမ်ထိတ်လန့်ကာ ရပ်ရွာတည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် တမင်ရည်ရွယ် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း တွေ့ရှိရသည်။
အဆိုပါ အပြစ်မဲ့ပြည်သူများအကြောင်းမဲ့ သေကြေပျက်စီးစေသော လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်နှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ဆန့်ကျင်ရှုံ့ချသွားရန်နှင့် ရပ်ရွာလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။
အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ စစ်ဘက်နှင့် မသက်ဆိုင်သော အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပျက်စီးအောင် ပစ်မှတ်ထားတိုက်ခိုက်လာမှုများနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့်လည်း NCA စာချုပ်ပါ အချက်များအား အထူးအလေးထားလိုက်နာသွားရန် သတင်းထုတ်ပြန် အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ