ခိုင်မာသောသန္နိဋ္ဌာန်ထားကြစို့
မြန်မာနိုင်ငံ၏သမိုင်းဖြစ်စဉ်များကို ပြန်ပြောင်းလေ့လာကြည့်မည်ဆိုလျှင် လွန်စွာ ဝမ်းနည်းဖွယ်ကောင်းသော အချိန်ကာလများ၊ လွန်စွာအားတက်ဖွယ် ကောင်းသော အချိန်ကာလများနှင့် လွန်စွာအကျည်းတန်အရုပ်ဆိုး ခဲ့သောနှစ်ကာလများကို မြင်တွေ့ နိုင်သည်။ ခရစ်နှစ် ၁၈၂၄ ခုနှစ်၊ ၁၈၅၂ ခုနှစ်နှင့် ၁၈၈၅ ခုနှစ်တို့သည် အင်္ဂလိပ်-မြန်မာစစ်ပွဲသုံးကြိမ် ဖြစ်ပွားပြီး မြန်မာတို့စစ်ရှုံးကာ သူ့ကျွန်ဘဝရောက်ခဲ့ရသည့်အတွက် လွန်စွာ ဝမ်းနည်းဖွယ်ကောင်းသောအချိန်ကာလများဖြစ်ခဲ့သည်။ သူ့ကျွန်ဘဝတွင် ဓား၊ လှံ၊ လေး၊ မြား စသည့်မည်သည့် လက်နက်မျှ ကိုင်ဆောင်ခွင့်မရှိသည့်အပြင် အသင်းအဖွဲ့ လည်း ဖွဲ့စည်းခွင့်မရှိလောက်အောင် တင်းကျပ်ထားခဲ့သည်။
လွတ်လပ်ခွင့်မရှိသည့်အချိန်ကာလတွင် မြန်မာတို့မျက်စိပွင့်၊ နားပွင့်အောင် စတင် လုပ်ဆောင်ခဲ့သည့် အသင်းကြီးပေါ်ပေါက်လာသည်။ ထိုအသင်းကြီးမှာ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)ဖြစ်သည်။ ၁၉၀၆ ခုနှစ်တွင် ထိုအသင်းကြီး စတင်ပေါ်ပေါက် လာသည်မှစ၍ မြန်မာလူငယ်တို့၏စိတ်တွင် မိမိနိုင်ငံ လွတ်လပ်ရေး အတွက် လုပ်ဆောင်ရန် စိတ်အားထက်သန်လာကြသည်။ ထိုအသင်းကြီးမှ သန္ဓေတည် မွေးဖွား လိုက်သော မျိုးချစ်စိတ်ကြောင့် လူငယ်များတွင် သခင်စိတ်ဓာတ်များ ကိန်းအောင်း ခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ပေါ်ပေါက်လာခြင်းသည်ပင် ထိုအသင်းကြီးက မျိုးစေ့ချစိုက်ပျိုးလိုက်သည့်အသီးအပွင့်ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ လွယ်လွယ်ကူကူရခဲ့ခြင်းမဟုတ်ပေ။ အင်္ဂလိပ်ကို တိုက်ထုတ်ရန် ဂျပန်နှင့်ပူးပေါင်းရသည်။ ဖက်ဆစ်စနစ်ကျင့်သုံးသောဂျပန်ကို ပြန်လည် တိုက်ထုတ်ရန် အင်္ဂလိပ်နှင့် ပူးပေါင်းရပြန်သည်။ ၁၉၄၅ ခုနှစ် သြဂုတ် ၈ ရက်နေ့ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည်နှင့် အင်္ဂလိပ်တို့ ဒုတိယအကြိမ် မြန်မာနိုင်ငံထဲ ရောက်ရှိ လာကာ စက္ကူဖြူစီမံကိန်းဖြင့် အုပ်ချုပ်ခဲ့ပြန်သည်။ ထိုအချိန်က မြန်မာ့နိုင်ငံရေး အခြေအနေမှာ ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်ကြိုးပမ်းမှုဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်သောနိုင်ငံဖြစ်ရန် လက်တစ်ကမ်းအလိုသာရှိတော့သည်။ မြန်မာပြည်သူလူထု၏ အနာဂတ်အလင်းရောင်ခြည်များ ပေါ်ထွက်နေချိန်ဖြစ်သည်။ ပြည်သူတစ်ရပ်လုံး စည်းစည်း လုံးလုံးနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည်မှာ မြန်မာ့သမိုင်း တွင် လွန်စွာအားတက်ဖွယ်ကောင်းသော အချိန်ကာလများဖြစ်ခဲ့သည်။
၁၉၄၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က အမှုဆောင် ကောင်စီဖွဲ့စည်းပေးသည်။ ထိုအမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း က ဒုတိယသဘာပတိအဖြစ် တာဝန်ယူရသည်။ ဒုတိယသဘာပတိဆိုသော်လည်း အစိုးရအဖွဲ့ဝန်ကြီးများအစည်းအဝေးတို့တွင် သဘာပတိ ဖြစ်သူ အင်္ဂလိပ်ဘုရင်ခံ တက်ရောက်ခြင်းမရှိတော့ဘဲ ဗိုလ်ချုပ်အောင်ဆန်းက သဘာပတိအဖြစ်တာဝန်ယူ ဆောင်ရွက်နေရသည်။ လွတ်လပ်ရေးရတော့မည့် မြန်မာနိုင်ငံ၏တိုင်းရေးပြည်ရာများကို အင်္ဂလိပ်အစိုးရ က ပါဝင်စွက်ဖက်ခြင်းမပြုသည့်သဘောလည်းဖြစ်သည်။
ထိုစဉ်က ပုံမှန်အစည်းအဝေးများကို ဘုရင်ခံအိမ်တော်တွင် ကျင်းပလေ့ရှိသော်လည်း ဗိုလ်ချုပ်အောင်ဆန်း နှင့် နန်းရင်းဝန် အက်တလီတို့ လွတ်လပ်ရေးအတွက် သဘောတူ သည့် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုသည့် ၁၉၄၇ ခုနှစ် ဇန်နဝါရီမှစတင်ကာ အတွင်းဝန်ရုံး(ဝန်ကြီးများရုံး) ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းမှာသာကျင်းပလေ့ရှိသည်။ အစည်းအဝေးကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပနေကျဖြစ်သော်လည်း လွှတ်တော် အစည်းအဝေးနှင့် တိုက်ဆိုင်နေသဖြင့် ဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၁၉ ရက် စနေနေ့သို့ ပြောင်းရွှေ့ကျင်းပခဲ့သည်။ ထိုသို့ ရွှေ့ပြောင်းကျင်းပလိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အကျည်းတန်၊ အရုပ်ဆိုးဆုံး ကံကြမ္မာအလှည့် အပြောင်းတစ်ခု ဖြစ်လာခဲ့သည်။
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်သည် အကျည်းတန်၊ အရုပ်ဆိုးသောနှစ် လ နေ့ ရက်ဖြစ်ခဲ့သည်။ ထိုနေ့က အတွင်းဝန်ရုံးသို့ ဗိုလ်ချုပ်ရောက်ရှိချိန်တွင် အစည်းအဝေး တက်ရောက်မည့်ဝန်ကြီးများ စုံလင်စွာစောင့်ဆိုင်း နေကြပြီဖြစ်သည်။ အစည်းအဝေးကို နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည်။ အစည်းအဝေးစ၍ တိုင်းပြည် ရေးရာများ ဆွေးနွေးနေစဉ် အစည်းအဝေးခန်းမတွင်းသို့ လက်နက်ကိုင်လူတစ်စုက အခန်းစောင့်ကို ဖယ်ရှား ဝင်ရောက်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များကို ပစ်ခတ်လုပ်ကြံ ကြသည်။ ထိုပစ်ခတ်လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ ဦးရာဇတ်၊ အတွင်းဝန် ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့ရခြင်းအတွက် မြန်မာပြည်သူ တစ်ရပ်လုံးသာမက နိုင်ငံတကာကပါ ယူကျုံးမရဖြစ်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၉ ရက်သည် (၇၄)နှစ်မြောက် အာဇာနည်နေ့ကျရောက်လာပြီဖြစ်ပေရာ ရဟန်းရှင်လူပြည်သူအပေါင်းသည် ဗိုလ်ချုပ်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များကို လွမ်းဆွတ်သတိရကာ အာဇာနည်တို့၏ဂုဏ်ကျေးဇူးကို ထာဝစဉ် အောက်မေ့နေကြရမည်ဖြစ်သည်။ ထို့အတူ ရဟန်းရှင်လူပြည်သူအပေါင်းအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲအောင် ကြိုးစားကြမည်ဟူသော သန္နိဋ္ဌာန်စိတ်ထားရှိကြပါရန် တိုက်တွန်းလိုက်ရပေသည်။ ။