ချမ်းမြသာစည်မြို့နယ်အတွင်း အကြမ်းဖက်သူများ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက် မှုကြောင့် အသက် ၅ နှစ်အရွယ် အပြစ်မဲ့ မိန်းကလေးငယ် ၁ ဦး သေဆုံး
နေပြည်တော်၊ ဒီဇင်ဘာ - ၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း အကြမ်းဖက်သမား များ၏ လက်ပစ်ဗုံး ပစ်ပေါက်မှုကြောင့် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း၊ ၄၅ × ၄၆ လမ်းကြားရှိ အောင်သာယာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား အကြမ်းဖက်သမားများက ဆိုင်ကယ် ၂ စီးဖြင့် လာရောက်၍ လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သည်။ ယင်းသို့ ပစ်ပေါက်ခဲ့ခြင်းကြောင့် ၁၁၀ လမ်းဘေးရှိ ကွမ်းယာဆိုင်အနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ကွမ်းယာဆိုင်အတွင်းရှိ အသက် ၅ နှစ်အရွယ် မိန်းကလေး ငယ် ၁ ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော်လည်း ရရှိဒဏ်ရာများကြောင့် သေဆုံးခဲ့ ကြောင်း သိရှိရသည်။
အသက် ၅ နှစ်အရွယ် အပြစ်မဲ့ မိန်းကလေးငယ် ၁ ဦးသေဆုံးသည်အထိ အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်ခဲ့သူများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း သတင်းရရှိသည်။