လီဗာပူးအသင်းသည် ဇန်နဝါရီ ၂၁ ရက်က ဘန်လေကို အန်ဖီးလ်ကွင်း၌၁ ဂိုး-ဂိုးမရှိဖြင့်ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် အိမ်ကွင်း ၆၈ ပွဲဆက် ရှုံးပွဲမရှိစံချိန်ရပ်တန့်ခဲ့ရကာ မော်ရင်ဟို၏ ချယ်လ်ဆီးနှင့် ပရီးမီးယားလိဂ် အိမ်ကွင်း ၈၆ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်ခဲ့ခြင်းကို လိုက်မီရန်မဖြစ်နိုင်တော့သည့် အနေအထားသို့ရောက်သွားသော်လည်း လက်ရှိ စပါးနည်းပြ မော်ရင်ဟိုက လီဗာပူး၏စံချိန်သည် အံ့မခန်းစံချိန်ဖြစ်၍ ချီးကျူးဂုဏ်ပြုထိုက်ကြောင်းပြောသည်။
မော်ရင်ဟိုသည် ချယ်လ်ဆီးကို ပထမအကြိမ်နည်းပြစဉ် ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၀၈ ခုနှစ် အောက်တိုဘာလအထိ ပရီးမီးယားလိဂ် အိမ်ကွင်း ၈၆ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့ပြီး ထိုစံချိန်မှာ လီဗာပူးကိုရှုံးပြီးမှ ရပ်တန့်ခဲ့ရခြင်းဖြစ်သည်။ မော်ရင်ဟိုသည် ချယ်လ်ဆီးကို ဒုတိယအကြိမ် နည်းပြ စဉ်ကလည်း ပရီးမီးယားလိဂ် အိမ်ကွင်းရှုံးပွဲမရှိဘဲ အချိန်ကြာမြင့်စွာကစားနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလ တွင် ဆန်းဒါးလန်းအသင်းကိုရှုံးမှ ရပ်တန့်ခဲ့ရခြင်းဖြစ်သည်။
လီဗာပူးစံချိန်ရပ်တန့်သွားရခြင်းနှင့်ပတ်သက်ပြီး မော်ရင်ဟိုက “စံချိန်တွေဆိုတာ အမြဲကျိုးပြတ်စမြဲပါ။ အားကစားနယ်ပယ်မှာ မဖြစ်နိုင်ဘူးထင်တဲ့ စံချိန်တွေလည်း ကျိုးပျက်တာပါပဲ။ အခု လီဗာပူး အချိန်ကြာမြင့်စွာ အိမ်ကွင်းရှုံးပွဲ မရှိကစားနိုင်ခဲ့တာ အံ့မခန်းစွမ်းဆောင်မှုပဲ”ဟုပြောသည်။