ခြေချင်းဝတ်ဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်း တောင်ပံကစားသမားပူလီဆစ် သုံးပွဲလွဲချော်မည်ဖြစ်ကြောင်း နည်းပြတူချယ်လ် အတည်ပြုပြောကြား

လန်ဒန်၊ ဘောလုံး

ချယ်လ်ဆီးအသင်းနည်းပြတူချယ်လ်က အသင်းမှ တောင်ပံကစားသမား ပူလီဆစ်အနေဖြင့် အမေရိကန် အသင်း၌ရရှိသည့်     ခြေချင်းဝတ်ဒဏ်ရာကြောင့် အသင်းနှင့်  လာမည့်ပွဲစဉ်သုံးပွဲ   လွဲချော်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

အသက် ၂၂ နှစ်အရွယ် ပူလီဆစ်သည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အမေရိကန်အသင်းနှင့် သွားရောက်ပူးပေါင်းစဉ် စက်တင်ဘာ ၉ ရက်က ကစား သည့် အမေရိကန်အသင်းနှင့် ဟွန်ဒူးရပ်စ်အသင်းတို့ ပွဲစဉ်၌ ပွဲချိန် ၆၂ မိနစ်တွင် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ ပြီးနောက် ဆက်လက်ကစားနိုင်ခြင်းမရှိသည့်အတွက် လူစားလဲထွက်ခွာခဲ့ရသည်။

ပူလီဆစ်အနေဖြင့် ခြေချင်းဝတ်ဒဏ်ရာကြောင့် အမေရိကန်အသင်းကစားသမားစာရင်းမှ နုတ်ထွက်ခဲ့ ပြီးနောက် ချယ်လ်ဆီး အသင်းပိုင်လေယာဉ်ဖြင့် လန်ဒန် သို့ပြန်လာခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသို့ပြန်လည်ရောက်ရှိပြီး ဒဏ်ရာနှင့်ပတ်သက်၍ ဆေးစစ် မှုများပြုလုပ်ရာ အနည်းဆုံးတစ်လခန့် အနားယူရဖွယ် ရှိနေသည်။

ပူလီဆစ်အနေဖြင့် အက်စ်တွန်ဗီလာအသင်းနှင့် ပွဲစဉ်၊ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်သည့် ဇင်းနစ်အသင်းနှင့် ပွဲစဉ်အပါအဝင်  စပါးအသင်း နှင့်ပွဲစဉ်ကိုပါ  လွဲချော် မည်ဖြစ်ကြောင်း သိရသည်။

Ref;Sky Sports