ငါးခြောက်ထွက်ရှိနှုန်း များသော်လည်း ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဝယ်လိုအား ကျဆင်း

လက်ရှိတွင် ပွင့်လင်းရာသီဖြစ်ပြီး ငါးပိ၊ငါးခြောက်၊    ငံပြာရည် ထုတ်လုပ်သည့် အချိန်ဖြစ်သည့်အတွက် ငါးခြောက်ထွက်ရှိနှုန်း များသော်လည်း ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဝယ်လိုအား ၃ဝ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း မြန်မာနိုင်ငံ ငါးပိငါးခြောက် ငံပြာရည်အသင်း အတွင်းရေးမှူး ဦးထွန်းစိန်၏ ပြောဆိုချက်အရ သိရသည်။

''ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ကတော့ ရောင်းရပါတယ်။ ငါးခြောက်ကျတော့ အခုကငါးခြောက်ထွက်တဲ့ ရာသီဆိုတော့ ထွက်ကုန်တွေက များပြီး အရောင်းအဝယ် ဈေးကွက်က   အေးနေတယ်။  ယခင်နှစ် ကာလတူနဲ့နှိုင်းယှဉ်ရင်  ၃ဝ  ရာခိုင်နှုန်းလောက် ကျသွားတယ်။  အခု ရေချိုရော ရေငန်ပါ ငါးခြောက်အသစ်တွေ ထွက်နေပြီ'' ဟု ဦးထွန်းစိန်က ပြောသည်။

လက်ရှိ COVID-19 ရောဂါကာလတွင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်များမှာ တခြား စားသောက်ကုန်များထက် ရောင်းအားရှိကြောင်း၊ ငါးခြောက်ဈေးနှုန်းမှာလည်း တစ်ပိဿာလျှင် ငွေကျပ် ၃၅ဝဝ မှ ၁၅ဝဝဝ ခန့်အထိရှိပြီး  ဈေးနှုန်း သင့်တင့်ကြောင်း၊ လက်ရှိကာလတွင် ပွဲလမ်းသဘင် အလှူအတန်း မရှိသည့်အတွက်    ဝယ်လိုအား ကျဆင်းနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UM-FCCI)) နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့က စီမံပြီး COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း တစ်ပတ်လျှင် ခြောက်ရက် ဟင်းသီးဟင်းရွက်နှင့်  သားငါးများကို ဈေးကားများဖြင့်  ရန်ကုန်တိုင်းဒေသကြီးရှိ   မြို့နယ်များ၌ လိုက်လံရောင်းချပေးလျက်ရှိရာငါးပိ၊ငါးခြောက်များလည်း ပါဝင်ကြောင်း သိရသည်။