ငြိမ်းချမ်းချိန်တန်ပါပြီ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ၂၀၂၂ ခုနှစ် သည် ငြိမ်းချမ်းရေးနှစ်ဟုသတ်မှတ်၍လည်းကောင်း၊ တစ်နိုင်ငံလုံးငြိမ်းချမ်းပြီး သာယာဝပြောသော နိုင်ငံဖြစ်စေလို၍ လည်းကောင်း ဧပြီလ ၂၂ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးအား ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ပါသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟူသောစိတ်ဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုရှေးရှုကာ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေး အမှန်ကို တကယ်ရရှိလိုသည့် အဖွဲ့ဝင်များ လာရောက် ဆွေးနွေးလျက်ရှိကြပါသည်။
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)အဖွဲ့မှဥက္ကဋ္ဌ ဦးယွက်စစ်ဦးဆောင်သောအဖွဲ့သည် ၁၉-၅-၂၀၂၂ ရက်နေ့ တွင် လည်းကောင်း၊ မွန်ပြည်သစ်ပါတီ(NMSP) မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဦးဆောင်သောအဖွဲ့သည် ၂၂-၅-၂၀၂၂ ရက်နေ့တွင် လည်းကောင်း၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)မှ ဥက္ကဋ္ဌ စောထော့လေးဦးဆောင်သောအဖွဲ့သည် ၂၅-၅-၂၀၂၂ ရက်နေ့တွင်လည်းကောင်း၊ “ဝ” ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSA) မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သောအဖွဲ့သည် ၂၈-၅-၂၀၂၂ ရက်နေ့တွင်လည်းကောင်း၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ(မိုင်းလား)အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သောအဖွဲ့သည် ၃-၆-၂၀၂၂ ရက်နေ့တွင်လည်းကောင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းဦးဆောင်သောအဖွဲ့သည် ၁၂-၆-၂၀၂၂ ရက်နေ့တွင် လည်းကောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင်ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၁၅-၆-၂၀၂၂ ရက်နေ့တွင်လည်းကောင်း နေပြည်တော်သို့ရောက်ရှိလာကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပထမဦးစွာတွေ့ဆုံဆွေးနွေးပါသည်။ ထို့နောက် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးစီးသောအဖွဲ့နှင့် နှစ်ရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိစ္စများအား ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးကြပါသည်။
တွေ့ဆုံဆွေးနွေးရေးပြုလုပ်နေသည့်ပုံနှင့်အစီအစဉ်များအား မြန်မာ့အသံနှင့် မြဝတီရုပ်မြင်သံကြားတို့မှထုတ်လွှင့်ပြသမှုအား ကြည့်ရှု လေ့လာသည့်အခါ ငြိမ်းချမ်းရေးအဖွဲ့ဆွေးနွေးနေသည့် နှစ်ဦးနှစ်ဖက်လုံးမှကိုယ်စားလှယ်များသည် အပြုံးကိုယ်စီဖြင့် လည်းကောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသည့် ပုံစံများနှင့်လည်းကောင်း ဆွေးနွေးပြောဆိုနေပုံများအား ကြည့်ရှုရသည်မှာ ကျေနပ် ဖွယ်ရာ၊ ပီတိဖြစ်ဖွယ်ရာ၊ အားရဖွယ်ရာ မြင်ကွင်းများကိုတွေ့မြင်ရပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အနေနှင့် လွတ်လပ်ရေးရပြီး သုံးလကြာသည့်အချိန်မှစ၍ လက်နက်ကိုင် ဆန့်ကျင်လှုပ်ရှားမှုများ ပေါ်ပေါက်လာပြီး ယနေ့အချိန်ထိဆိုပါလျှင် (၇၅)နှစ်ပြည့်တော့မည်ဖြစ်ပါသည်။ ထိုသို့လက်နက်ကိုင်ဆန့်ကျင်လှုပ်ရှားမှုများကြောင့် နိုင်ငံတော်အနေနှင့် မဆုံးရှုံးသင့်သည့် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်များအား သတိထားလေ့လာသင့်ပါသည်။
အထူးသဖြင့် နယ်စပ်ဒေသများသည် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးလျက်ရှိသည် လက်နက်ကိုင်ပဋိပက္ခရှိသည့်ဒေသနှင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းသည့်ဒေသတို့မှာ ဖွံ့ဖြိုးတိုးတက်မှုကွာခြားသည်။ ဒေသခံပြည်သူတို့၏ လူနေမှုဘဝနိမ့်ကျခြင်း၊ မြင့်မားခြင်းတို့ကို မြင်တွေ့နိုင်သည်။
ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ ဆုံးရှုံးနေရခြင်း၊ ကုန်ထုတ်လုပ်ငန်းများတွင် လုပ်ကိုင်နိုင် သောလုပ်အားများ ဆုံးရှုံးနေရခြင်း၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နိုင်မည့်အချိန်များ အလဟဿဆုံးရှုံးသွားခြင်း၊ လက်နက်ကိုင် ဆန့်ကျင်နေသူများ စိုးမိုးထားသောနေရာများတွင် မြေပေါ်မြေအောက်သယံဇာတများ ထုတ်လုပ်နိုင်မှုမရှိခြင်း၊ နယ်စပ်ဒေသ များတွင် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ မပြုလုပ်နိုင်ခြင်း၊ ပညာရေးလုပ်ငန်းနှင့် ကျန်းမာရေးလုပ်ငန်းများ မပြုလုပ်နိုင်ခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ မပြုလုပ်နိုင်ခြင်း စသည်တို့ကြောင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ကျန်းမာရေး လုပ်ငန်းများသည် နိုင်ငံတကာနှင့်ယှဉ်ပါက နောက်ကျကျန်ရစ်နေခဲ့ပါသည်။
ထို့ပြင် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တည်ဆောက်ပေးထားသော လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ အစရှိသည်တို့ကို ဖျက်ဆီးခံရခြင်းတို့ ကြုံတွေ့နေရသည်။ မငြိမ်းချမ်းခြင်းကြောင့်ဖြစ်သည်။ တချို့သော EAO များသည် အကြမ်းဖက်များကို လက်ခံ မွေးမြူထားပြီး အဖျက်လုပ်ငန်းများကို လုပ်ဆောင်နေသည့်အတွက် ဒေသခံပြည်သူတို့မှာ တစ်ပူပေါ်နှစ်ပူဆင့်ခံနေရသည်။
အထက်ပါအချက်များကို သေချာနားလည်အောင် ကြည့်မြင်နိုင်ကြစေလိုပါသည်။ အဆိုပါအချက်များ မဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်အစိုးရ အဆက်ဆက်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများအား သူ့ခေတ်သူ့အခါနှင့်သူ ဆောင်ရွက်ခဲ့သော်လည်း ယနေ့ အချိန်ထိ ငြိမ်းချမ်းရေးအပြည့်အဝမရရှိသေးပါ။ ယခုအချိန်ထိ ငြိမ်းချမ်းရေးမရကြသည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအနှောင့်အယှက်ဖြစ်နေပါသည်။ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရန်ဆိုပါက တိုင်းရင်းသား အားလုံး ယုံကြည်ချက်အပြည့်အဝဖြင့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အားလုံးစုပေါင်းပါဝင်ဆောင်ရွက်ကြမှသာ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုး တက်နိုင်မည်ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် နေပြည်တော်သို့ လာရောက်သည့်ခရီးစဉ်တွင် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များအား ဒေသခံပြည်သူများက “ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ပါစေ” စာသားပါ ဗွီနိုင်းပိုစတာဆိုင်းဘုတ်များကိုင်ဆောင်၍ ပို့ဆောင်နှုတ်ဆက်ကြသည်။ ထို့အတူ နေပြည်တော်သို့ ရောက်ရှိလာသည့်အခါ “ထာဝရငြိမ်းချမ်းရေးရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်။ ငြိမ်းချမ်းရေး ရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်။ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ” စာသားပါ ဆိုင်းဘုတ်များ၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍ ကြိုဆိုကြသည်။ ဤသည်မှာ ငြိမ်းချမ်းချိန်တန်ပြီဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။
သို့ဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော်တွင် အထက်ဖော်ပြပါဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ တိုင်းရင်း သားအချင်းချင်း သွေးထွက်သံယိုမှု မဖြစ်ပေါ်စေရေး၊ ၇၅ နှစ်ခန့်ရှည်ကြာခဲ့သော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးတို့အားရှေးရှု၍ လွတ်လပ်ရေးသုံးလကြာသည့်အချိန်မှစ၍ လက်နက်ကိုင် ဆန့်ကျင်လှုပ်ရှားမှုများ အား အနာဂတ်မြန်မာနိုင်ငံတော်ကို တည်ဆောက်ပြုပြင်ပုံဖော်ကြမည့် နောင်အနာဂတ်မျိုးဆက်သစ်များသို့ လက်ဆင့်မကမ်းကြ ပါနှင့်တော့ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ မေတ္တာရပ်ခံပန်ကြားလိုပါသည်။
မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းရှည်ကြာစွာ အေးအတူပူအမျှ အတူတကွနေထိုင်လာကြသော တိုင်းရင်းသားအပေါင်းသည် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံပြီး ငြိမ်းချမ်းသည့်ပြည်ထောင်စုကို တည်ဆောက်ကြရမည်ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်လျက်ရှိပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် အချိန်ကောင်း၊ အခါကောင်း၊ အခြေအနေကောင်းများနှင့်ကြုံကြိုက်နေချိန်လည်းဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အားလုံး အနေဖြင့် ထိုအခွင့်အရေးကို လက်လွတ်မခံသင့်ဟု စာရေးသူကထင်မြင်ယူဆပါသည်။ နိုင်ငံအတွက် ငြိမ်းချမ်းချိန်တန်ပါပြီခင်ဗျာ။
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအား ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တညီတညွတ်တည်း လက်တွဲဆောင်ရွက်ကြပါဟု တိုက်တွန်းရင်း ငြိမ်းချမ်းရေးကိုတန်ဖိုးထားပြီး လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှု၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများအား စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်နိုင်ရေး ပါဝင်ဆွေးနွေးဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်း အပ်ပါသည်။ ။
ထွန်းနေနိုင်