ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

နေပြည်တော် အောက်တိုဘာ ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းမှုအရ နေပြည်တော်သို့ ရောက်ရှိပြီး ငြိမ်းချမ်းရေးဆွေးနွေး ဆောင်ရွက်ခဲ့သည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွားကြသည်။
အဆိုပါ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် နေပြည်တော်ရှိ Horizon Lake View Resort မှလည်းကောင်း၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်မှ လည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် အသီးသီး ပြန်လည်ထွက်ခွာကြရာ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသား အားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့် တိုင်းရင်းသားဘာသာနှင့် မြန်မာဘာသာစာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍လည်းကောင်း Horizon Lake View Resort နှင့် နေပြည်တော်လေဆိပ်တို့၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။