ငွေကြေးလိမ်လည်ခံရမှုကြောင့် နေရပ်သို့ပြန်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၃ ဦးအား နိုင်ငံတော်အစိုးရ၏အကူအညီဖြင့် ထပ်မံခေါ်ဆောင်

ငွေကြေးလိမ်လည်ခံရမှုကြောင့် နေရပ်သို့ပြန်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၃ ဦးအား နိုင်ငံတော်အစိုးရ၏အကူအညီဖြင့် ထပ်မံခေါ်ဆောင်

နေပြည်တော်၊ အောက်တိုဘာ - ၇

ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာနိုင် ရန် အခက်အခဲဖြစ်ပေါ်နေသည့် နိုင်ငံသားများအား ၎င်းတို့နေရပ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်ရေးအတွက် လိုအပ်သည့် ကူညီမှုများကို ဆောင်ရွက်ပေးလျက် ရှိရာ လူမှုကူညီရေးအသင်းအဖွဲ့များမှတစ်ဆင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ) ရုံးသို့ စက်တင်ဘာ ၁၃ ရက်နေ့တွင် ဆက်သွယ်လာခဲ့သည့် မြန်မာ နိုင်ငံသား ၆ ဉီးအနက် ၃ ဉီးကို စက်တင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိရန် ကျန်ရှိသည့် ၃ ဉီးကို ယနေ့တွင် ပြန်လည် ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကျန်ရှိသည့် ၃ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မလေးရှားနိုင်ငံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် စစ်ဆေးခြင်းများပြုလုပ်ပြီး ယနေ့မွန်းလွဲပိုင်းတွင် မလေးရှား နိုင်ငံမှ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)၏ ကယ်ဆယ်ရေးလေယာဉ် (Relief Flight)ဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ရာ ညနေ ၄ နာရီခန့်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
အလားတူ ငွေကြေးလိမ်လည်ခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၇ ဦးကို မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးတို့မှ တာဝန်ရှိသူများ၏ ကူညီဆောင်ရွက်ပေးမှုများကြောင့် စက်တင်ဘာ ၆ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် အသုတ်လိုက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲရှိနေသူများကို လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ပြန်လည်ရောက်ရှိရန် အခက်အခဲဖြစ်ပေါ်နေသူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက်ရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိ သည်။