မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-ရေနံချောင်းလမ်းအထွက် ဆင်တိုင်းကန် ကျေးရွာအုပ်စုရှိ စက်သုံးဆီအရောင်းဆိုင်၌ မေ ၇ ရက်က မီးပလတ်ခုံ မီးပွားစဉ်ရာက မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်းသိရသည်။
ဖြစ်စဉ်မှာ ကျောက်ပန်းတောင်း-ရေနံချောင်းလမ်း ကောင်းမွန်တိုးဂိတ် အနောက်ဘက်ရှိ ကျောက်ပန်းတောင်းမြို့နယ် ဆင်တိုင်းကန်ကျေးရွာနေ ဒေါ်စောစောဝင်း ပိုင်ဆိုင်သော စက်သုံးဆီအရောင်းဆိုင်၌ မြေအောက်ဆီကန်အတွင်းမှ ဆီကိုမြေပေါ်ရှိ ဂါလန် ၈ဝဝ ဆံ့ သံဆီကန်အတွင်းသို့ ပန့်ဖြင့်စုပ်၍ထည့်စဉ် မီးပလတ်ခုံမှ မီးပွားထွက်၍ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ် ဦးစီးမှူး ဦးထက်အောင် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၆ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂ဝ ဦးတို့ဖြင့် ဆီမီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်သုံးစီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ရာ ည ၆ နာရီတွင် မီးငြိမ်းသွားသည်။
မီးလောင်မှုကြောင့် ဂါလန် ၈ဝဝ ဆံ့ သံဆီကန်သုံးကန် အတွင်းမှ ဒီဇယ်ဂါလန် ၁၂ဝဝ ခန့်နှင့် အနီးရှိပီပါများမှ ဆီဂါလန် ၂ဝဝ ခန့် စုစုပေါင်းဂါလန် ၁၄ဝဝခန့် ဆုံးရှုံးမှု တန်ဖိုး ၅၆ဝဝဝဝဝ ခန့်နှင့် မော်တာ တစ်လုံးခန့်မှန်းတန်ဖိုးငွေကျပ် ၃ဝဝဝဝ၊ စုစုပေါင်းဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၃ဝဝဝဝခန့်ဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မီးကိုပေါ့ဆစွာ အသုံးပြုသူ ဒေါ်စောစောဝင်းအား ကျောက်ပန်းတောင်းမြို့မ ရဲစခန်းက(ပ)အမှတ် ၅၉/၂ဝ၂၁၊ ရာဇသတ်ကြီးပုဒ်မ (၂၈၅)ဖြင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။